၄.၂.၂၀၂၆.
Translated by Htwe Ko Tun
ပြီးခဲ့သည့် နှစ်ပတ်အတွင်း ဂျပန်နိုင်ငံမြောက်ပိုင်းမှာ နှင်းတွေထူထပ်စွာကျဆင်းခဲ့တဲ့အတွက် လမ်းတွေ ပိတ်ဆို့နေခဲ့ပြီး နိုင်ငံတစ်ဝန်းမှာ ဖေဖော်ဝါရီလ ၄ ရက် အထိ လူ ၃၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၃၉၃ ဦးရှိခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၄ ရက်အထိ စီရင်စု ၁၅ ခုမှာ နှင်းတွေထူထပ်စွာကျရောက်ခဲ့ပြီး အဆိုးရွားဆုံး ထိခိုက်ခဲ့တဲ့နေရာတွေမှာဆိုရင် နှင်းတွေက နှစ်မီတာ (၆ ဒသမ ၅ ပေ) အထိ ရောက်ရှိခဲ့ပါတယ်။ ပုံမှန်မဟုတ်တဲ့ နှင်းတွေထူထပ်စွာကျဆင်းမှုက အာတိတ်ဒေသမှ အေးသောလေထုကြီးက ဂျပန်ကျွန်းစုပေါ်ကို ရောက်ရှိလာတဲ့အတွက် အဓိကဖြစ်ပွားရတာပါ။
အာအိုမိုရီ စီရင်စုမှာဆိုရင် အိမ်ခြေ ၁,၇၀၀ ကျော် လျှပ်စစ်မီးပြတ်တောက်နေပြီး ကျည်ဆန်ရထားတွေ အပါအဝင် ရထားလိုင်းအများစုကလည်း ပြေးဆွဲခြင်းမရှိပါဘူး။




အာအိုမိုရီအုပ်ချုပ်ရေးမှူး ဆိုချီရို မီယာရှီတာက “လမ်းတချို့ပိတ်ဆို့နိုင်တယ်လို့ ကျွန်တော်တို့ယူဆတယ်။ ဒါကြောင့် လူနာတင်ယာဉ်တွေနဲ့ မီးသတ်ကားတွေကို သူတို့လိုရာရောက်ဖို့ ကူညီပေးနိုင်တဲ့ ဝန်ဆောင်မှုတွေကို တိုင်ပင်ဆွေးနွေးနေပါတယ်” လို့ သတင်းထောက်တွေကို ဖေဖော်ဝါရီလ ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဦးတည်ရာကိုမရောက်မီ အရေးပေါ်ယာဉ်တွေကိုတော့ အနီးအနားမှာ ရပ်ထားပြီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက အကူအညီ လိုအပ်နေသူတွေကို ကယ်တင်ဖို့ ထမ်းစင်တွေနဲ့ ခြေလျင်သွားခဲ့ကြတယ်လို့ သူက ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံတစ်ဝန်းက သတင်းပို့ထားတဲ့ သေဆုံးသူ ၃၅ ဦးနဲ့ ဒဏ်ရာရရှိသူ ရာပေါင်းများစွာထဲက အများစုဟာ သူတို့ရဲ့အိမ်တွေမှာ နှင်းတွေရှင်းလင်းဖို့ ကြိုးစားနေသူတွေကြား ပြုတ်ကျမှုကြောင့် ဖြစ်ပွားခဲ့တာပါ။
တစ်နိုင်ငံလုံးမှာ ဒဏ်ရာရရှိသူ ၃၉၃ ဦးရှိပြီး ပြင်းထန်တဲ့ ဒဏ်ရာရရှိသူ ၁၂၆ ဦး ပါဝင်ကာ သူတို့ထဲမှာ ၄၂ ဦးက နီဂါတာ စီရင်စုမှာ ဖြစ်ပါတယ်။ အိမ်ခြေ ၁၄ လုံး ပျက်စီးခဲ့ရာမှာ နီဂါတာမှာ သုံးလုံးနဲ့ အာအိုမိုရီစီရင်စုမှာ ရှစ်လုံး ပါဝင်ပါတယ်။
ဂျပန်အစိုးရရဲ့ အဓိကပြောရေးဆိုခွင့်ရှိသူ မီနိုရူ ကီဟာရာက ရာသီဥတု ပူနွေးလာနိုင်ပေမယ့် နှင်းတွေ အရည်ပျော်လာပြီး မြေပြိုမှုနဲ့ ချော်ပြီး စိတ်မချရတဲ့မျက်နှာပြင်တွေ ဖြစ်ပေါ်လာမှာဖြစ်လို့ အန္တရာယ်ပိုများလာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
ရာသီဥတုခန့်မှန်းသူတွေက ဂျပန်နိုင်ငံမြောက်ပိုင်းမှာလာမယ့် သီတင်းပတ်ကုန်ကျရင် နှင်းတွေ ပိုမိုထူထပ်စွာ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
Ref-ABC
