၄.၂.၂၀၂၆.
Translated by Htwe Ko Tun
ထိုင်းအာဏာပိုင်တွေက သူမရဲ့တရုတ်ခင်ပွန်းနဲ့အတူ အွန်လိုင်းမှာ အတုအပ စားသုံးသူပစ္စည်းတွေ ထုတ်လုပ်ရောင်းချမှုနဲ့ စွပ်စွဲခံရတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို စမွတ်စခွန် ပြည်နယ်မှာ နာမည်ကျော် တစ်ကိုယ်ရည်သုံးပစ္စည်းအတုတွေနဲ့ လူသုံးကုန်ပစ္စည်း အတုအပ ၂၀၀,၀၀၀ ကျော်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
စီးပွားရေးရာဇဝတ်မှုနှိမ်နင်းရေးဌာနခွဲ (ECD) မှ အရာရှိတွေနဲ့ ဉာဏပစ္စည်းဌာနမှ အရာရှိတွေဟာ ဘန်ကိုးမြို့နယ်၊ ဆက်သာကစ် ဘန်ပလာလမ်းပေါ်က ဂိုဒေါင်တစ်ခုနဲ့ နဒီမြို့နယ်အတွင်း အနီးအနားရှိ နေအိမ်တစ်ခုတို့ကို ဖေဖော်ဝါရီလ ၄ ရက်က စီးနင်းမှုတွေအတွင်း ဆန့် (Sank) လို့သာ အမည်သိရတဲ့ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးမိခဲ့တာပါ။
ဒီဖမ်းဆီးမှုမှာ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေးနဲ့ ဆံပင်ထိန်းသိမ်းမှုပစ္စည်းတွေ အပါအဝင် အတုအပ ပစ္စည်း ၂၀၀,၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖမ်းဆီးရေးအဖွဲ့က ပြောခဲ့ပါတယ်။



ထိုင်းနိုင်ငံရှိအခြားသူတွေပိုင် မှတ်ပုံတင်ထားတဲ့ ကုန်အမှတ်တံဆိပ်တွေပါရှိတဲ့ အတုအပ ကုန်ပစ္စည်းတွေကို ရောင်းချဖို့ ပူးတွဲကမ်းလှမ်းမှု၊ ရောင်းချမှုနဲ့ အတုအပရောင်းချမှုတို့ကို ပိုင်ဆိုင်မှု စွဲချက်နဲ့ အဆိုပါအမျိုးသမီးကို တရားစွဲဆိုထားတယ်လို့သိရပါတယ်။
အွန်လိုင်းပလက်ဖောင်းတွေမှာ ဈေးကွက်တန်ဖိုးထက် များစွာနိမ့်သော ဈေးနှုန်းတွေနဲ့ ရောင်းချနေတဲ့ အတုအယောင် တစ်ကိုယ်ရေ စောင့်ရှောက်မှု ထုတ်ကုန်တွေကို တွေ့ရှိတဲ့အတွက် ကုန်အမှတ်တံဆိပ် ပိုင်ရှင်တွေနဲ့ ထုတ်လုပ်သူတွေထံမှ တိုင်ကြားမှုတွေ ထွက်ပေါ်လာပြီးနောက် ခုလို ဝင်ရောက်စီးနင်းမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေးမှူးတွေဟာ ပုံမှန်လက်လီဈေးနှုန်းတွေကို လျှော့ချဖို့နဲ့ စားသုံးသူတွေကို ဆွဲဆောင်ဖို့ ပြင်းထန်သော လျှော့ဈေးပရိုမိုးရှင်းတွေကို အသုံးပြုနေတာကိုလည်း တွေ့ရှိခဲ့ပါတယ်။
အာဏာပိုင်တွေက ထိုကဲ့သို့ အတုအယောင် တစ်ကိုယ်ရေ စောင့်ရှောက်မှု ထုတ်ကုန်တွေဟာ ဆိုးရွားတဲ့ ကျန်းမာရေးအန္တရာယ်တွေကို ဖြစ်စေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
စစ်ဆေးမေးမြန်းစဉ် သံသယရှိသူက အဆောက်အအုံကို စီမံခန့်ခွဲပြီး အတုအယောင် ကုန်ပစ္စည်းတွေကို ပိုင်ဆိုင်ကြောင်းနဲ့ သူမရဲ့ တရုတ်အမျိုးသားခင်ပွန်းနဲ့အတူ ဒီလုပ်ငန်းကို လုပ်ကိုင်နေတာလို့ ဝန်ခံပြောကြားခဲ့ပါတယ်။
နောက်ထပ် တရားဥပဒေအရ အရေးယူဆောင်ရွက်ရန်အတွက် ECD ဌာနခွဲ (၁) ရှိ စုံစမ်းစစ်ဆေးသူတွေဆီကို သူမကို လွှဲပြောင်းပေးခဲ့ပါတယ်။ ရဲတွေက သူမရဲ့ခင်ပွန်းတရုတ်အမျိုးသားကို ရှာဖွေဖို့ ဆက်လက်ကြိုးပမ်းလျက်ရှိကြပါတယ်။
Ref- Bangkok Post
