





၁.၂.၂၀၂၆
Written by Thiri
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှာ ဒီနေ့ မနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး သက်ကြီးပိုင်းအမျိုးသမီးကြီးတစ်ဦး မီးလောင်သေဆုံးကာ နှစ်ဦး ပြင်းထန်မီးလောင်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ရွှေမင်းဝင် လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က တောင်ငူမြို့ (၁၉)ရပ်ကွက်ရှိ မြင်းဖြူအင်းဘုရားအနီး နှစ်ထပ် အုတ်ညှပ် ပျဉ်ကာ နေအိမ်တစ်အိမ်ကနေ မနက်(၃)နာရီအချိန်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဆိုပါ စတင်လောင်ကျွမ်းတဲ့ နေအိမ်ထဲကပဲ ကျန်းမာရေးမကောင်းသူ သက်ကြီးပိုင်း အသက် ၈၀ ဝန်းကျင်အဘွားမှာ မီးလောင်ကျွမ်းသေဆုံးခဲ့ကာ မြေးဖြစ်သူ အမျိုးသားတစ်ဦးနဲ့ သမီးဖြစ်သူ အမျိုးသမီးကြီးတို့မှာလည်း ပြင်းထန်မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ရွှေမင်းဝင် လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူက
“ဒဏ်ရာရရှိသူတွေ လောင်ကျွမ်းခံရတဲ့ အနေအထားက တစ်ကိုယ်လုံးနီးပါးတွေပဲ။ အခြေအနေဆိုးတယ်လို့ ပြောလို့ရတယ်။ အရေပြားအတွင်း ဘယ်နှစ်လွှာထိလောင်သလဲတော့ မသိနိုင်ဘူးပေါ့။ အမြင်အားဖြင့်တော့ အတော်အခြေအနေဆိုးပါတယ်။ မီးလောင်ရတဲ့ အကြောင်းတော့ သေချာမသိပါဘူး။ လူနာတင်ပြီး ပြန်ထွက်လာရတာမို့ပါ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် နေအိမ် ၄ လုံး လောင်ကျွမ်းပျက်စီးခဲ့ပြီး မီးလောင်မှုကို မြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဥ်(၁)စီး၊ Taungoo Rescue(T-Rescue)အရေးပေါ်ကယ်ဆယ်ရေးပရဟိတအဖွဲ့မှ မီးငြိမ်းသတ်ယာဉ် (၁)စီးတို့က တောင်ငူမြို့ပရဟိတအသင်းတွေနဲ့ အတူထွက်ခွာငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
