
သက်တံ့
၁. ၂. ၂၀၂၆
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းမှ အမျိုးသားတစ်ဦးသည် စွန့်ပစ်ထားသော SIM ကတ်များမှ ရွှေ ၁၉၁ ဂရမ်ကျော် ထုတ်ယူပြသခဲ့ပြီးနောက် SIM ကတ်အဟောင်းများ ဈေးကွက်အတွင်း အလုအယက် ဝယ်ယူမှုများ ဖြစ်ပေါ်ခဲ့သည်။
သို့သော်လည်း ထိုလုပ်ငန်းစဉ်တွင် ပါဝင်သည့် ဘေးအန္တရာယ်များမှာ အလွန်ကြီးမားကြောင်း အဆိုပါအမျိုးသားက သတိပေးထားသည်။
အွန်လိုင်းတွင် “ချောင်” (Qiao) ဟု လူသိများသည့် ထိုအမျိုးသားသည် ဂွမ်ဒေါင်းပြည်နယ်၊ ဟွေကျိုးမြို့မှဖြစ်ပြီး အဖိုးတန်သတ္တုအဟောင်းများကို သန့်စင်သည့် လုပ်ငန်းတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့က သူတင်ခဲ့သည့် ရွှေသန့်စင်မှု ဗီဒီယိုသည် ကြည့်ရှုသူ ၅ သန်းကျော် ရှိခဲ့သည်။
သူ၏နည်းလမ်းများမှာ SIM ကတ်အဟောင်းများကို ဓာတုဗေဒဆေးရည်များ ထည့်ထားသည့် ပုံးများအတွင်း လောင်းထည့်ကာ တိုက်စားခြင်း (Corrosion)၊ အစားထိုးခြင်း (Displacement) နှင့် အပူပေးခြင်း စသည့် ဓာတ်ပြုမှုအဆင့်ဆင့်ဖြင့် ရွှေများ ထုတ်ယူခဲ့ခြင်းဖြစ်သည်။
ရရှိလာသော ရွှေ ၁၉၁ ဂရမ်ကျော်သည် တရုတ်ယွမ်ငွေ ၂၀၀,၀၀၀ နီးပါး (အမေရိကန်ဒေါ်လာ ၂၉,၀၀၀ ခန့်) တန်ဖိုးရှိသည်။
ချောင်၏ ပြောကြားချက်အရ ထိုရွှေပမာဏရရှိရန်အတွက် သတ္တုအမှိုက် (Scrap) ၂ တန်နီးပါးကို အသုံးပြုခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင် ထိုအမှိုက်များမှာ SIM ကတ်များသက်သက်သာမဟုတ်ဘဲ ဆက်သွယ်ရေး အီလက်ထရွန်နစ် လုပ်ငန်းသုံး ချစ်ပ်ပြား (Chip) အဟောင်းများလည်း ရောနှောပါဝင်ကြောင်း ရှင်းပြခဲ့သည်။
ဤလုပ်ငန်းစဉ်သည် ပြင်းထန်သောအပူချိန်နှင့် အန္တရာယ်ရှိသော ဓာတုပစ္စည်းများ အသုံးပြုရသဖြင့် စနစ်တကျ လေ့ကျင့်ထားခြင်းမရှိသူများ ကိုယ်တိုင်စမ်းသပ်ခြင်း မပြုရန် “အဂ္ဂိရတ်ဆရာဟု တင်စားခေါ်ဝေါ်ခြင်းခံရသည့် သတ္တုသန့်စင်သူက ပြင်းပြင်းထန်ထန် သတိပေးထားသလို ၎င်းအနေဖြင့် ကျွမ်းကျင်မှုကိုသာ ပြသခြင်းဖြစ်ပြီး အပျော်တမ်းသမားများ လိုက်မလုပ်ရန် တားမြစ်ထားသည်။
