




၁.၂.၂၀၂၆
Written by Nay Yaung Linn
နယ်သာလန်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားရင်ဆိုင်မှုမှာ သရေနှင့် ပူးတွဲချန်ပီယံမရှိဘဲ အရှုံးနှင့်အနိုင်သာရှိပြီး မြန်မာနိုင်ငံအနေဖြင့် မည်သို့မျှရှုံးနိမ့်၍ မရသဖြင့် ကျားကုတ်ကျားခဲကြိုးစားရင်ဆိုင်လျှောက်လဲခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိစဉ် ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် သွားရောက်ဖြေရှင်းခဲ့သည့် သမ္မတရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရားရုံးတွင် ရက် ၂၀ ကျော်ကြာ ဖြေရှင်းဆောင်ရွက်မှုများပြီးဆုံး၍ မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၁ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထိုသို့ရောက်ရှ်ိလာသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ပြည်သူများက ဂုဏ်ပြုကြိုဆိုခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်က အမှုရင်ဆိုင်ကြားနာမှုနှင့် ပတ်သက်၍ ဂုဏ်ပြုကြိုဆိုပွဲလာရောက်ကြသူများကို ပြောကြားခဲ့သည်။





ထိုသို့ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က “ဒီကြားနာမှုဟာ ICJ မှာ နောက်ဆုံးအဆင့် နှစ်ဖက်စုံညီလျှောက်လဲတဲ့ ကြားနာမှုဖြစ်ပြီးတော့ အမှုမှန်ကိုလည်း အရေးကြီးဆုံးအဆင့်လည်းဖြစ်ပါတယ်။ ဒီအမှုရဲ့အရေးကြီးပုံကိုလည်း အားလုံးက သိရှိပြီးသားဖြစ်ကြပါတယ်။ ဒီတရားရင်ဆိုင်မှုမှာ သရေမရှ်ိဘူး။ ပူးတွဲချန်ပီယံဆိုတာ မရှိပါဘူး။ အရှုံးနဲ့ အနိုင်ဆိုတာပဲရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ကတော့ ဒီအမှုမှာ ဘယ်လိုမှ အရေးနိမ့်လို့မဖြစ်တဲ့အတွက် ကျွန်တော်တို့အလုပ်အဖွဲ့တစ်ဖွဲ့လုံး ကျားကုတ်ကျားခဲကြိုးစားပြီးတော့မှ ရင်ဆိုင်ထုချေလျှောက်လဲခဲ့ကြပါတယ် ” ဟု ထည့်သွင်း ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထု ယခုလိုစည်းလုံးညီညွှတ်စွာ လက်တွဲဆောင်ရွက်ကြလျှင် မည်သည့်ကြမ်းတမ်းသောစိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်စွာကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်း ဦးကိုကိုလှိုင်က ဆက်လက်ပြောကြားခဲ့သည်။
” ဒီလိုပြည်သူလူထုတစ်ရပ်လုံးက ကျွန်တော်တို့နဲ့အတူ အားပေးရပ်တည်ပေးခဲ့မှုက ကျွန်တော်တို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ခွန်အားပဲဖြစ်ပါတယ်။ ပြည်သူပါတဲ့ဘက်က စစ်နိုင်တယ်ဆိုတဲ့ဆိုရိုးစကားအတိုင်းပဲ နိုင်ငံတော်အစိုးရနဲ့ ပြည်သူလူထုကြီး အခုလို စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ ဆက်ပြီးတော့မှ လက်တွဲဆောင်ရွက်ကြမယ်ဆိုရင် ဘယ်လိုပဲခက်ခဲကြမ်းတမ်းတဲ့ စိန်ခေါ်မျိုးကိုမဆို အောင်အောင်မြင်မြင်ကျော်လွှားနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အားလုံး မျှော်လင့်တောင်းတနေကြတဲ့ နိုင်ငံတော်သစ်တည်ဆောက်ရေးမှာ ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ရွှေရောင်အနာဂတ်မှာကို အတူတကွလျှောက်ကြပါစို့လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ပြောကြားခဲ့သည်။
ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် VIP ဝင်/ထွက်ပေါက်အထိ လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
