




၁.၂.၂၀၂၆
Written by Thiri
ခြောက်ဘီး Truck ကားတစ်စီး မီးပွိုင့်မှာ ဘရိတ်ပေါက်ကာ မီးနီစောင့်ဆိုင်းနေသူတွေကို ဝင်ရောက်တိုက်မိလို့ နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာတွေရရှိခဲ့တဲ့ဖြစ်စဉ် မနေ့က ဇန်နဝါရီ ၃၁ ရက်နေ့ မနက်ပိုင်းက ပဲခူးမြို့မှာဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လူမှုကူညီရေးအသင်းတွေထံကနေ သိရပါတယ်။
ဖြစ်စဉ်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ်(၆)ရပ်ကွက်၊ ပြင်စည်မီးပွိုင့်မှာ မနေ့က မနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်က ဇော်ထက် ရွှေလှေကျေးရွာ၊ ပဲခူးမြို့နေသူ မောင်းနှင်လာတဲ့ MITSUBISHI FUSO (အဖြူရောင်) မော်တော်ယာဉ်မှာ ဘရိတ်ပေါက်ကာ မီးပွိုင့်မှာ မီးနီကို ရပ်တန့် စောင့်ဆိုင်းနေတဲ့ ဆိုင်ကယ်စီးနင်းကြသူတွေဖြစ်တဲ့ ဦးကျော်စွာဦး၊ ၄၅ နှစ်၊ ဥဿာမြို့သစ်(၅)ရပ်ကွက်၊ ကံ့ကော်လမ်း၊ ပဲခူးမြို့၊ ဦးသီဟစိုး၊ ၃၅ နှစ်၊ ချင်စု (၂)လမ်း၊ ဥဿာမြို့သစ်(၈) ရပ်ကွက်၊ ပဲခူးမြို့၊ ဦးကျော်ဝင်းဆွေ၊ ၅၉ နှစ်၊ ပဲခူးတိုင်းဒေသကြီး လဝကရုံး၊ ပဲခူးမြို့၊
မယွန်းယမုံဖူး၊ ၁၅ နှစ်ကျောင်းသူ၊ Gread-8၊ အထက(၅) ပဲခူးမြို့ နေသူတို့ကို အနောက်မှ ဝင်ရောက်တိုက်မိခဲ့တာလို့ သိရပါတယ်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဦးကျော်စွာဦး၊ ဦးသီဟစိုးတို့ နှစ်ဦးဟာ အခင်းဖြစ်နေရာမှတင် သေဆုံးခဲ့ပြီး ဦးကျော်ဝင်းဆွေနဲ့ မယွန်းယမုံဖူး တို့ (၂)ဦးမှာ ဒဏ်ရာတွေရရှိခဲ့တာကြောင့် ပဲခူးပြည်သူ့ဆေးရုံကြီးဆီ လူမှုကူညီရေးအသင်းတွေက ပို့ဆောင်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေ အပြီးမှာ ပဲခူးဆေးရုံကြီး ရင်ခွဲရုံဆီ သာမဏေကျော် လူမှုကူညီရေးအသင်းယာဉ်နဲ့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
