၂၃. ၂. ၂၀၂၃
Written by Min Mahar
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြား၊ ၁၂၈ လမ်းပေါ်ရှိ မြို့နယ်လဝကရုံးရှေ့ကို ဖေဖော်ဝါရီလ ၂၂ ရက်၊ နေ့လည် ၁၂ နာရီခန့်က မန္တလေး UG အဖွဲ့မှ မြနန္ဒာစစ်ဆင်ရေးအဖြစ် ဆိုင်ကယ်တစ်စီးဖြင့် လူငယ်နှစ်ဦးမှ အဝေးထိန်းမိုင်းတစ်လုံးချခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ရုံးထဲမှာ လူတွေအများကြီးရှိနေချိန်မှာ အုံးဆိုပြီး ပေါက်ကွဲသံအကျယ်ကြီးထွက်လာတာ။ အိမ်ထောင်စုဇယားလုပ်ထားတာကို စာယူတုန်းမှာ တိုးတာပါ။ လူနဲ့အခြားပစ္စည်းတွေတော့ ထိခိုက်တာတော့မတွေ့ခဲ့ဘူး။ အပြင်မှာထားတဲ့ဆိုင်ကယ်တွေမထိလို့ ကံကောင်းတာ။ အတင့်ရဲလိုက်တာ ရဲတွေအများကြီးစောင့်နေတာတောင် လုပ်ရဲကြတယ်”ဟု လဝကရုံးသို့ လာသောမြို့ခံပြည်သူတစ်ဦးက MT News သို့ ပြောသည်။
အဆိုပါ အခင်းဖြစ်ရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်းလည်း သိရသည်။
ယင်းဖောက်ခွဲမှုကို မန္တလေး UG အဖွဲ့မှ ပူးပေါင်းကာ မြနန္ဒာစစ်ဆင်ရေးအဖြစ် ဖောက်ခွဲခဲ့သည်ဟု ၎င်းတို့ Telegram ချန်နယ်တွင် ဝန်ခံပြောဆိုထားသည်။ ယင်းတို့အဖွဲ့သည် SAC အစိုးရယန္တရားများကို ပျက်ဆီးစေရန်အတွက် ပြီးခဲ့သည့်သုံးရက်ဆက်တိုက်လုံး မန္တလေးမြို့ပေါ်ရှိ ပြည်တွင်းအခွန်ရုံး၊ မဟာအောင်မြေခရိုင်တရားရုံး၊ တိုင်းလွှတ်တော်ရုံး၊ လဝကရုံးတို့ကို ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
