၂၃.၂. ၂၀၂၃
Written by Ye Kyaw
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသအကြား စက်မှုလုပ်ငန်းများနှင့် စက်မှုကုန်ကြမ်းများအတွက် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (UMFCCI) နှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ငွေရေးကြေးရေးအဖွဲ့ (NEDFi)တို ဖေဖော်ဝါရီ ၂၂ ရက်တွင် ဆွေးနွေးခဲ့ကြသည်။
ယင်းကဲ့သို့ဆွေးနွေးရာတွင် ထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ နယ်စပ်ကုန်သွယ်ရေးအခြေအနေများ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ အကောက်ခွန်နှင့် အိန္ဒိယနယ်စပ်တစ်လျှောက် အလားအလာရှိသော စက်မှုကုန်ကြမ်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ငွေရေးကြေးရေးအဖွဲ့သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် စက်မှုအခြေခံအဆောက်အအုံနှင့် စိုက်ပျိုးရေးဆိုင်ရာ စီမံကိန်းများ ထူထောင်ရာတွင် ငွေကြေးအကူအညီ ထောက်ပံ့ပေးလျက်ရှိပြီး ပြည်နယ်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအတွက်ပါ Consultancy & Advisory လုပ်ဆောင်ပေးလျက်ရှိသော ပုဂ္ဂလိက ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။
မြန်မာနိုင်ငံနှင့် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသများနှင့် ဆက်သွယ်မည့် ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်းတွင် စစ်တွေဆိပ်ကမ်း တိုးချဲ့ဆောက်လုပ်ရေး၊ နိုင်ငံတကာသင်္ဘောများ သွားလာနိုင်ရေးအတွက် ကုလားတန်မြစ် တိုးချဲ့တူးဖော်ရေးနှင့် ချင်းပြည်နယ် ပလက်ဝမြို့မှတစ်ဆင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အထိ ကားလမ်းဖောက်လုပ်ရေးများ ပါဝင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း အဆိုပါစီမံကိန်းတွင် ပါဝင်သည့် စစ်တွေဆိပ်ကမ်းသစ်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး အဆိုပါဆိပ်ကမ်းမှတဆင့် လယ်ယာထွက်ကုန်များကို အဓိကတင်ပိုလျက်ရှိကြောင်း သိရသည်။
