နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌနှင့် အတူ အထူးကိုယ်စားလှယ်ကို တွေ့မြင်ရစဉ်
၂၃.၂.၂၀၂၃
Written by Peya
တရုတ်နိုင်ငံ၏ အာရှရေးရာအထူးကိုယ်စားလှယ် Deng Xijun က ကေအိုင်အေ၊ ဝ နှင့် မိုင်းလား ဌာနချုပ်တို့ကို သွား ရောက်ခဲ့ကြောင်း သတင်းထွက်ပေါ်ခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် မြန့်မာနိုင်ငံတွင် အမေရိကန်၏ ရုပ်သေးပုံစံ အစိုးရတက်လာမည်ကို စိုးရိမ်မှုရှိနေသည်ဟု ယူဆကြောင်း နိုင်ငံရေးသုံးသပ်လေ့လာသူ ဦးရဲထွန်းက MT News သတင်းဌာနသို့ ပြောသည်။
တရုတ်အထူးကိုယ်စားလှယ်က ကေအိုင်အေ၊ ဝ နှင့် မိုင်းလား ဌာနချုပ်တို့ကို သွားရောက်ခဲ့ကြောင်း သတင်းထွက်ပေါ် နေသည့် ကိစ္စနှင့်ပတ်သက်၍ ထိုသို့ သွားရောက်ခဲ့သည်ဟု ကြားသိရသော်လည်း သွားရောက်ခဲ့သည့် အခြေအနေနှင့် ပတ် သက်၍ တိကျစွာ သိထားခြင်းမျိုး မရှိသေးကြောင်း ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ဆိုသည်။
“မြန်မာနိုင်ငံမှာ အမေရိကန် ဩဇာညောင်းတဲ့ အမေရိကန် ရုပ်သေးအစိုးရလိုဟာမျိုး အာဏာရသွားမှာကို သူက ကြောက်တာ။ ပြည်သူလူထုရဲ့ ရွေးချယ်မှုနဲ့ပဲဖြစ်စေ တက်လာတဲ့ ဘက်မလိုက်တဲ့ အစိုးရမျိုးကိုပဲ အားပေးတယ် ခွင့်လွှတ်တယ် ဆိုတဲ့ သဘောထားမျိုး ရှိတယ်။ ဒီတော့ အဲ့ဒီလို ဖြစ်မလာအောင် လိုအပ်တာတွေ ပြင်ဆင်ထားလိမ့်မယ်လို့ ယူဆမိတာပေါ့” ဟု ဦးရဲထွန်းက ဆိုသည်။
လက်ရှိ တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ်သည် အသစ်ခန့်ထားခြင်း ဖြစ်သည့်အပြင် တိုက်ဆိုင်မှုရှိနေခြင်းမှာ မကြာသေးမီကာလက NUG အနေဖြင့် အမေရိကန်တွင် ရုံးဖွင့်ရာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခဲ့သည့် ဖြစ်စဉ်ရှိနေခြင်းဖြစ်ကြောင်း၊ အမေရိကန်၏ အားပေးမှုကို ဖော်ပြလာချိန်တွင် တရုတ်ဩဇာ ရှိနေသော အထက်ပါ လက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးရာတွင် အထက်ပါအချက်ကို ထည့်သွင်း ဆွေးနွေးဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။
“တရုတ်ရဲ့ သဘောထားကတော့ အခုဖြစ်နေတဲ့ ပြဿနာတွေမှာ ကိုယ့်ပြည်တွင်း နိုင်ငံရေး အင်အားစုတွေပဲ အချင်းချင်း ညှိနှိုင်း အဖြေရှာတာကို အားပေးတယ်။ လက်တွေ့ကျကျပြောရရင် ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးကို အားပေးတယ်။ လိုအပ်တာလည်း ကူညီမယ်ပေါ့။ ထူးထူးခြားခြားထည့်ပြောတာက ပြင်ပက လက်နက်အင်အားနဲ့ ဝင်ရောက်စွက်ဖက်တာကို ဆန့်ကျင်တယ်လို့ ပြောထားတာရှိတယ်။ ဒါက အမေရိကန်ကို ရည်ရွယ်တာ။ အမေရိကန်ကလည်း အရင်တုန်းက အဲ့ဒီလို တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ကုလသမဂ္ဂရဲ့နာမည်သုံးပြီး ဝင်စွက်တာတွေ ရှိတာကို သတိပေးတာရှိတယ်။ ဆိုတော့ တစ်ဖက်မှာကလည်း NUG အနေနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ထောက်ခံမှုကို ရဖို့က အမေရိကန်ကပဲ စပြီးတော့ ဦးဆောင်ပြီးတော့ ထောက်ခံမှသာလျှင် ကျန်တဲ့ နိုင်ငံတွေက လိုက်လာမှာဆိုတော့ စပြီးလမ်းဖောက်တာပေါ့” ဟု ဦးရဲထွန်းက ဆိုသည်။
