ဧရာဝတီတိုင်းမှ ထွက်ရှိသည့်ဆန်များကို ရန်ကုန်မြို့ရှိ ဝါးတန်းဆန်ကုန်စည်ဒိုင်တွင် အတင်အချဆောင်ရွက်နေမှုကို တွေ့ရစဥ်
၂၃. ၂. ၂၀၂၃
Written by Ye Kyaw
လက်ရှိအချိန်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်း မခန့်မှန်းနိုင်သဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆန်စက်လုပ်ငန်းအချို့ ဆန်မကြိတ်ဘဲ ရပ်နားထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
“စပါးဈေးက စပါးအစိုဆို ၁၅ သိန်းနဲ့ ၁၅ သိန်းခွဲမှာရှိတယ်။ ဒီစပါးတွေက ခြောက်သွားပေမယ့် ဆန်သားမတင်တဲ့အခါကျတော့ ဈေးကွက်ထဲမှာ ပေါက်နေတဲ့ တစ်အိတ်ကို ကျပ် ၅၆,၀၀၀၊ ၅၇,၀၀၀ ဈေးတွေနဲ့ မကိုက်နိုင်ဘူး။ ဝယ်မကြိတ်နိုင်တော့ဘူး။ ကိုယ့်ဟာကိုယ် အေးဆေးနေလိုက်တာကောင်းတယ်ဆိုပြီး ရပ်ကြည့်ပြီး ရပ်ထားလိုက်တာပေါ့” ဟု ဧရာဝတီတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။
မကြာမီ နွေစပါးများပေါ်မည်ဖြစ်သောကြောင့် လက်ရှိတွင် စပါးဈေးကို အမြင့်ဈေးနှုန်း ပေးဝယ်မှုနည်းလာပြီး ယခင်အမြင့်ဈေးနှုန်းဖြင့် စပါးဝယ်ထားသူများအနေဖြင့် မိမိစပါးကို ဆန်ကြိတ်ပြန်ရောင်းပါက အကျိုးအမြတ်နည်းလာသဖြင့် စပါးကိုမကြိတ်ဘဲ လှောင်ထားခြင်းများကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆန်စက်လုပ်ငန်များအနေဖြင့် ဆန်မကြိတ်နိုင်ခြင်းဖြစ်သည်။
“အဓိကတော့ ဆန်စက်ပိုင်ရှင်တွေကတော့ ဝယ်ထားတာတွေရှိတာပေါ့။ ၁၅ သိန်းခွဲတို့ ၁၆ သိန်းတို့ အခြောက်ကို ဝယ်ထားတာရှိတယ်။ တကယ်တမ်း ဈေးကွက်အေးနေတဲ့အခါကျတော့ ရသင့်သလောက်မရတဲ့အတွက် ကြိတ်ပြီးတော့ ဖြုန်းမပစ်ချင်ဘူးပေါ့ဗျာ၊ အရင်ဝယ်ထားတဲ့သူတွေက သူတို့မကိုက်လို ထုတ်မရောင်းတဲ့သဘော။ အခုကလည်း ဈေးကိုက်ညီလို့ရောင်းမယ်ဆိုလဲ ဝယ်တဲ့သူက များများစားစားမှ မဝယ်တာ။ အရင်တုန်းကဆို ဈေးကွက်ကို ခန့်မှန်းလို့ရတယ်။ အခုဈေးကွက်က ခန့်မှန်းမရတဲ့ ဈေးကွက်တွေဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့်နှစ်များတွင် စပါးဈေး ခြောက်သိန်းနှင့် ခုနစ်သိန်းဝန်းကျင်သာရှိခဲ့သော်လည်း ယခုနှစ်တွင် မြေဩဇာဈေးနှုန်း သုံးဆခန့်မြင့်တက်မှု၊ ဒီဇယ်ဈေးမြင့်တက်မှု၊ အလုပ်သမားများဈေးမြင့်တက်မှုတို့ကြောင့် လက်ရှိဖြစ်ပေါ်နေသည့် စပါးဈေး ၁၂ သိန်းနှင့် ၁၅ သိန်းကြားမှာ ဖြစ်သင့်သည့်ဈေးနှုန်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ပေါ်ဆန်း၊ ရက် ၉၀၊ မနောသုခ၊ ရွှေသွယ်လေး (ဧရာမင်း) စသည့် စပါးအမျိုးအစားများကို အဓိကစိုက်ပျိုးခြင်းဖြစ်သည်။
