၂၈.၁.၂၀၂၆
Translated by Htwe Ko Tun
အိန္ဒိယအာဏာပိုင်တွေက ဒီဇင်ဘာလကစ အနောက်ဘင်္ဂလားပြည်နယ်မှာ အသက်အန္တရာယ်ရှိတဲ့ နီပါးဗိုင်းရပ်စ် ကူးစက်မှုနှစ်ခုကို အတည်ပြုပြီးနောက် နီပါးဗိုင်းရပ်စ်ကိုနိုင်ငံအတွင်း အချိန်မီ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ကြပါတယ်။
အစောပိုင်းကတော့ နီပါးဗိုင်းရပ်စ် ကူးစက်မှုငါးခုရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ တိရစ္ဆာန်တွေကနေလူသားတွေကို ကူးစက်တတ်တဲ့ နီပါးဗိုင်းရပ်ဟာ ကာကွယ်ဆေးမရှိတဲ့အပြင် သေဆုံးမှုနှုန်းက ၄၀ မှ ၇၅ ရာခိုင်နှုန်းအထိရှိတယ်လို့ သိရပါတယ်။

“တိုးမြှင့်စောင့်ကြည့်ခြင်း၊ ဓာတ်ခွဲခန်းစမ်းသပ်မှုနှင့် ကွင်းဆင်းစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့က ဗိုင်းရပ်စ်ကူးစက်မှုများကို အချိန်မီထိန်းချုပ်နိုင်စေခဲ့သည်”လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၇ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်တစ်စောင်မှာ ဖော်ပြခဲ့ပါတယ်။
နီပါးဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ ဆက်စပ်နေတဲ့ ထိတွေ့မှု ၂၀၀ နီးပါးကို ခြေရာခံမိခဲ့ပြီး ပိုးကူးစက်မှု မတွေ့ရှိခဲ့ဘူးလို့ ကြေညာချက်က ဆိုပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ကူးစက်မှုနှစ်ခုနဲ့ပတ်သက်လို့ အသေးစိတ်ကိုတော့ မပြောကြားခဲ့ပါဘူး။
မလေးရှားနိုင်ငံရှိ ဝက်မွေးမြူရေးသမားတွေကြား ပျံ့နှံ့ပြီးနောက် ၁၉၉၈ ခုနှစ်မှာ နီပါးဗိုင်းရပ်စ်ကို ပထမဆုံး ဖော်ထုတ်နိုင်ခဲ့တာပါ။ အိန္ဒိယနိုင်ငံမှာတော့ အနောက်ဘင်္ဂလားပြည်နယ်မှာ ၂၀၀၁ ခုနှစ်က ပထမဆုံး နီပါးဗိုင်းရပ်စ်စတင်ကူးစက် ဖြစ်ပွားခဲ့တာပါ။
၂၀၁၈ ခုနှစ်မှာတော့ ကီရာလာပြည်နယ်မှာ နီပါးဗိုင်းရပ်စ်ကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ ထိုပြည်နယ်မှာပဲ နီပါးဗိုင်းရပ်စ်ကြောင့် လူနှစ်ဦး သေဆုံးခဲ့ပါသေးတယ်။
ရောဂါလက္ခဏာတွေမှာ ပြင်းထန်တဲ့ အဖျားတက်ခြင်း၊ အော့အန်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်ခြင်းတို့ ပါဝင်ပေမယ့် ပြင်းထန်သော အခြေအနေတွေမှာ လေသင်တုန်းဖြတ်ခြင်းနဲ့ ဦးနှောက်ရောင်ရမ်းခြင်းတို့ ပါဝင်နိုင်ပြီး မေ့မြောသွားနိုင်ပါတယ်။
အသီးလင်းနို့တွေဟာ ဗိုင်းရပ်စ်ရဲ့ သဘာဝအလျောက် သယ်ဆောင်သူတွေဖြစ်ပြီး နောက်ဆက်တွဲ ရောဂါဖြစ်ပွားမှုတွေရဲ့ဖြစ်နိုင်ခြေအရှိဆုံး အကြောင်းရင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။
Ref- CNA
