သက်တံ့
၂၈. ၁. ၂၀၂၆
စင်ကာပူအမျိုးသားလေကြောင်းလိုင်း (SIA) သည် ကမ္ဘာတစ်ဝှမ်းရှိ အဓိကမြို့ကြီးများသို့ ပျံသန်းမည့် ခရီးစဉ်အရေအတွက်ကို တိုးမြှင့်သွားမည် ဖြစ်သောကြောင့် စင်ကာပူနိုင်ငံသို့ သွားရောက် ထွက်ခွာမည့် ခရီးသွားများအတွက် လာမည့်မတ်လမှစတင်၍ ရွေးချယ်စရာ အခွင့်အလမ်းများ ပိုမိုများပြားလာတော့မည် ဖြစ်သည်။
SIA သည် မတ်လနှင့် အောက်တိုဘာလအတွင်း ဘန်ကောက်၊ ရန်ကုန်၊ ဆူရာဘာယား၊ ကိုလံဘိုနှင့် တရုတ်တိုင်ပေ စသည့် လူကြိုက်များသော အာရှမြို့ကြီးများသို့ ခရီးစဉ်များ တိုးမြှင့်သွားမည်ဖြစ်သည်။
ထိုခရီးစဉ်များအနက် ဘန်ကောက်၊ ဆူရာဘာယားနှင့် ကိုလံဘိုမြို့များသို့ မတ်လ ၂၉ ရက်မှ အောက်တိုဘာ ၂၄ ရက်အတွင်း ခရီးစဉ်အရေအတွက် တိုးမြှင့်မည်ဖြစ်သည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ စင်ကာပူမှ နေ့စဉ် ခရီးစဉ်တစ်ကြောင်း ထပ်တိုးမည်ဖြစ်သဖြင့် စုစုပေါင်း တစ်ရက်လျှင် (၇) ကြိမ် ပျံသန်းမည်ဖြစ်သည်။ ထို့အတူ အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာယားမြို့သို့ တစ်ပတ်လျှင် (၁၉) ကြိမ်မှ (၂၁) ကြိမ်သို့ တိုးမြှင့်မည်ဖြစ်သည်။ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ကိုမူ မတ်လ ၂၉ ရက်မှ ဧပြီလ ၃၀ ရက်အထိ တစ်ပတ်လျှင် (၁၀) ကြိမ် ပျံသန်းမည်ဖြစ်ပြီး၊ မေလ ၁ ရက်မှ အောက်တိုဘာ ၂၄ ရက်အထိတွင်မူ တစ်ရက်လျှင် (၂) ကြိမ်နှုန်းဖြင့် တစ်ပတ်လျှင် (၁၄) ကြိမ်အထိ တိုးမြှင့်ပြေးဆွဲမည်ဖြစ်သည်။
အလားတူ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့လည်း မတ်လ ၃၁ ရက်မှ အောက်တိုဘာ ၂၄ ရက်အတွင်း တစ်ပတ်လျှင် (၃) ကြိမ် ထပ်တိုးပျံသန်းမည်ဖြစ်ရာ စုစုပေါင်း တစ်ပတ်လျှင် (၁၀) ကြိမ် ဖြစ်လာမည်ဖြစ်သည်။ ထို့အပြင် တရုတ်တိုင်ပေသို့လည်း မတ်လ ၂၉ ရက်မှ မေလ ၃၁ ရက်အတွင်း တစ်ပတ်လျှင် (၄) ကြိမ် ထပ်တိုးမည်ဖြစ်သဖြင့် စုစုပေါင်း တစ်ပတ်လျှင် (၁၈) ကြိမ် ပျံသန်းမည်ဖြစ်သည်။
အာရှမြို့ကြီးများအပြင် ၂၀၂၆ ခုနှစ် နှောင်းပိုင်းတွင် ဩစတြေးလျမြောက်ပိုင်းရှိ ကိန်းစ်မြို့ (Cairns) နှင့် စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့များသို့လည်း ခရီးစဉ်များ တိုးမြှင့်သွားမည်ဖြစ်သည်။
စင်ကာပူလေကြောင်းလိုင်း၏ ဇန်နဝါရီ ၂၈ ရက် ထုတ်ပြန်ချက်အရ ဤသို့ ခရီးစဉ်များ တိုးမြှင့်ရခြင်းမှာ ခရီးသွားလာမှု အများဆုံးရာသီ (Peak Season) များတွင် သုံးစွဲသူများအတွက် ရွေးချယ်စရာ ပိုမိုရရှိစေရန်နှင့် ခရီးစဉ်ချိတ်ဆက်မှုများ ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
Ref : The Straits Times
