

၂၈.၁.၂၀၂၆
Written by Linn Eain
အရှေ့တောင်အာရှနိုင်ငံများတွင် သက်တမ်းအရှည်ကြာဆုံးတိရစ္ဆာန်ဥယျာဉ်တစ်ခုဖြစ်သည့် ရန်ကုန်တိရစ္ဆာန်ဥယျာဥ် နှစ် ၁၂၀ ပြည့် အထိမ်းအမှတ်ပွဲတော်အား ၅ ရက်ကြာ ခမ်းနားစွာပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဥ်၏ မကြာခင်ကျရောက်တော့မည့် သက်တမ်း ၁၂၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၃၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်မှ ၄ ရက်အထိ ဈေးရောင်းပွဲတော်၊ အဆို၊ အက၊ မျက်လှည့်တို့အပြင် ကလေးငယ်များအတွက် Talk Show စသည်တို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း Yangon Zoo က ဖော်ပြထားသည်။
Yangon Zoo Facebook စာမျက်နှာတွင် “သက်တမ်း ၁၂၀ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဈေးရောင်းပွဲတော်၊ အဆို၊ အက၊ မျက်လှည့်တို့အပြင် ကလေးငယ်များအတွက် Talk show စတဲ့ တင်ဆက်ဖြေဖျော်မှုများ ပါဝင်မည်ဖြစ်ပြီး တပျော်တပါးကြီး လည်ပတ် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်” ဟု လာရောက်ကြည့်ရှုမည့်သူများကို ဖိတ်ခေါ်ထားသည်။
ထို့ပြင် ဇန်နဝါရီလ ၃၁ ရက်တွင် ပြုလုပ်မည့် တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်)၏ ၁၂ဝ နှစ်ပြည့် အခမ်းအနားတွင် လာရောက်လည်ပတ်မည့် ဧည့်သည်များအနက်မှ အယောက်ရေအတွက် ၁၂ဝ မြောက် ပြည့်သူအား တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်) မှ အထူးလက်ဆောင်ပေးအပ်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဥ်သည် သဘာဝ၏ သက်ရှိသယံဇာတများဖြစ်သော တောရိုင်း တိရစ္ဆာန်လေးများ ဤကမ္ဘာမြေအတွင်း ဆက်လက်တည်ရှိနေရေးအတွက် ချစ်ခြင်း၊ မေတ္တာ၊ စေတနာ တို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်ခဲ့သော နားခိုရာ နေရာဖြစ်သည့်အပြင် နောင်လာနောက်သားများအတွက် ပညာဗဟုသုတရှာမှီးရာ နေရာတစ်ခုလည်းဖြစ်သည်။
ရန်ကုန်မြို့ရှိ တိရစ္ဆာန်ဥယျာဉ်မှာ ဗြိတိသျှအစိုးရလက်ထက်က တည်ထောင်ထားခဲ့သော တိရစ္ဆာန်ဥယျာဉ်တစ်ခု ဖြစ်ပြီး ၁၉၀၆ ခုနှစ်တွင် ဇန်နဝါရီ ၂၅ ရက်တွင် ဆောက်လုပ်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
