သက်တံ့
၂၈. ၁. ၂၀၂၆
ထိုင်းနိုင်ငံ၊ နခွန်ရတ်ချာစီးမားခရိုင်၊ ပတ်ချောင်မြို့နယ်ရှိ စည်ပင်သာယာရေးရုံးအနီးတွင် ယမန်နေ့ ဇန်နဝါရီ ၂၇ ရက်က တွေ့ရခဲသည့် အောင်လောင်ငှက် (Hornbill) ကြီးတစ်ကောင် ရုတ်တရက် ပေါ်လာခဲ့သဖြင့် ဝန်ထမ်းများ အံ့အားသင့်ခဲ့ရကြောင်း သိရသည်။
◾️ ထူးဆန်းသော တွေ့ကြုံမှု
ခေါင်ရိုင်အမျိုးသားဥယျာဉ်နှင့် နှစ်ကီလိုမီတာခန့်သာ ဝေးသော မူစီတိုက်နယ် စည်ပင်ရုံးမှ နည်းပညာဝန်ထမ်း Seksan Sriphoon က ၎င်းအလုပ်လုပ်နေစဉ် ရုံးအဆောက်အအုံအနီးရှိ သစ်ကိုင်းပေါ်တွင် ငှက်ကြီးတစ်ကောင် နားနေသည်ကို စတင် သတိပြုမိခဲ့ခြင်း ဖြစ်သည်။ ထို့နောက် အဆိုပါငှက်ကြီးသည် အဆောက်အအုံခေါင်မိုးပေါ်ရှိ အဲကွန်း အပြင်စက် (Condenser Unit) ပေါ်သို့ ပျံသန်းနားခိုခဲ့သည်။
၎င်းက လုပ်ဖော်ကိုင်ဘက်များကို ခေါ်ယူပြသခဲ့ရာ အဆိုပါငှက်မှာ ထူးခြားသော နှုတ်သီးကွေးကြီးနှင့် ဦးခေါင်းပေါ်တွင် အမောက်ပါရှိသည့် “အောင်လောင်ငှက်ကြီး” (Great Hornbill) အမျိုးအစားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ထူးခြားသည်မှာ အဆိုပါငှက်သည် လူအများ စကားပြောနေခြင်း သို့မဟုတ် အနီးကပ် ဓာတ်ပုံရိုက်နေခြင်းတို့ကို ကြောက်ရွံ့ခြင်းမရှိဘဲ ယဉ်ပါးနေခြင်းဖြစ်ကြောင်း သိရသည်။

◾️ ပညာရှင်များ၏ သုံးသပ်ချက်
အောင်လောင်ငှက်များသည် ပုံမှန်အားဖြင့် ခေါင်ရိုင်ဥယျာဉ်ကဲ့သို့ ဘေးမဲ့တောရှိ သစ်ပင်ကြီးများ၏ အထက်ပိုင်း အုပ်မိုးလွှာတွင်သာ နေထိုင်လေ့ရှိကြသည်။ ယခုငှက်သည် အသီးအနှံများ ရှာဖွေရန် သို့မဟုတ် အသိုက်လုပ်မည့်နေရာ ရှာဖွေရန်အတွက် တောထဲမှ ပျံသန်းထွက်ခွာလာခြင်း ဖြစ်နိုင်ကြောင်း Seksan က ခန့်မှန်းထားသည်။
ခေါင်ရိုင်အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး Chaiya Huayhongthong က ဒုံးဖာယာယန်း-ခေါင်ရိုင် (Dong Phayayen–Khao Yai) သစ်တောနယ်မြေအတွင်း အောင်လောင်ငှက် အမျိုးအစား (၄) မျိုး နေထိုင်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ ၎င်းတို့မှာ ၁။ အောင်လောင်ငှက်ကြီး (Great Hornbill) ၂။ အောက်ချင်းငှက် ခေါ် အရှေ့တိုင်း အောင်လောင်ငှက် (Oriental Pied Hornbill) ၃။ အော်စတင် အောင်လောင်ငှက်ညို (Austen’s Brown Hornbill) ၄။ အောင်လောင်ငှက်လည်နီ (Wreathed Hornbill) တို့ ဖြစ်ကြသည်။
၎င်းငှက်များသည် အသံကျယ်လောင်ပြီး အရွယ်အစား ကြီးမားသောကြောင့် ငှက်ကြည့် ဝါသနာရှင်များအကြား အလွန်ရေပန်းစားကြောင်း Dailynews သတင်းတွင် ဖော်ပြထားသည်။ အုပ်ချုပ်ရေးမှူး Chaiya က ၎င်းတို့သည် တောနက်ထဲတွင်သာ နေလေ့ရှိသော်လည်း အစာရှာဖွေရန် သို့မဟုတ် သားပေါက်ရာသီတွင် အသိုက်ရှာရန်အတွက် အမျိုးသားဥယျာဉ် အပြင်ဘက်သို့ တစ်ခါတစ်ရံ ထွက်လာတတ်ကြောင်း ရှင်းပြခဲ့သည်။
◾️ သဘာဝပတ်ဝန်းကျင် တိုးတက်လာမှု လက္ခဏာ
ယခုကဲ့သို့ တွေ့ရခဲသည့် အောင်လောင်ငှက်မျိုးစိတ်များကို တွေ့ရှိရခြင်းသည် သစ်တောများ ပြန်လည်ကောင်းမွန်လာသည့် လက္ခဏာတစ်ရပ်လည်း ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ချင်းမိုင်မြို့၊ ဒွိုင်ဖာဟွန်ပုတ် (Doi Pha Hom Pok) အမျိုးသားဥယျာဉ်ရှိ ဖန်းရေပူစမ်း (Fang Hot Springs) ရုံးအနီးတွင် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အောင်လောင်ငှက်ကြီးတစ်ကောင်ကို တွေ့ရှိခဲ့ရဖူးကြောင်း သိရှိရသည်။
မြန်မာမျိုးရင်း အောက်ချင်းငှက် (Oriental Pied Hornbill)နှင့် မျိုးရင်းတူညီပြီး ဒေသအချို့တွင် အောက်ချင်းငှက်ဟုပင် ခေါ်ဆိုသော အောင်လောင်ငှက်ကို အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ အင်ဒိုချိုင်းနား၊ မလေးရှားကျွန်းဆွယ်နှင့် ဆူမတြားကျွန်းများတွင် တွေ့မြင်နိုင်သည်။
Ref : The Thaiger
