Search and rescue personnel carry a body bag from the accident site of an Indonesian Air Transport turboprop aircraft, a day after it crashed while en route from Yogyakarta to Makassar, at Mount Bulusaraung in South Sulawesi on January 18, 2026. Rescuers found debris and one body on January 18 from a small plane that crashed in eastern Indonesia with 10 people on board, officials said. (Photo by Muchtamir Zaide / AFP)
သက်တံ့
၂၃. ၁. ၂၀၂၆
အင်ဒိုနီးရှားနိုင်ငံ၊ တောင်ပိုင်းဆူလာဝေစီပြည်နယ်ရှိ ဘူလူစာရောင်းတောင် (Mount Bulusaraung) တွင် ပျောက်ဆုံးနေခဲ့သည့် ငါးလုပ်ငန်းကင်းလှည့်လေယာဉ်အား တစ်ပတ်နီးပါးကြာ ရှာဖွေခဲ့ပြီးနောက် ယနေ့ (သောကြာနေ့) တွင် လေယာဉ်ပေါ်ပါရှိသူ ၁၀ ဦးစလုံး၏ ရုပ်အလောင်းများကို ကယ်ဆယ်ရေးအဖွဲ့များက ပြန်လည်တွေ့ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
Indonesia Air Transport (IAT) လေကြောင်းအုပ်စုပိုင် ATR 42-500 အမျိုးအစား အင်ဂျင်နှစ်လုံးတပ် လေယာဉ်သည် ပြီးခဲ့သည့် စနေနေ့ (ဇန်နဝါရီ ၁၇ ရက်) ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် မာရော့စ် (Maros) နှင့် ပန်ကပ် (Pangkep) ခရိုင်များအစပ်ရှိ တောင်တန်းဒေသ၌ လေကြောင်းထိန်းသိမ်းရေးစခန်းနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါလေယာဉ်ကို ပင်လယ်ရေကြောင်းနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနက ငါးဖမ်းလုပ်ကွက်များအား ဝေဟင်မှ ကင်းလှည့်ရန် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ်တွင် လေယာဉ်အဖွဲ့ဝင် ၇ ဦးနှင့် ဝန်ကြီးဌာန ဝန်ထမ်းများဖြစ်သည့် ခရီးသည် ၃ ဦး၊ စုစုပေါင်း ၁၀ ဦး လိုက်ပါသွားခဲ့သည်။
တောင်ပိုင်းဆူလာဝေစီ ကယ်ဆယ်ရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ အန်ဒီဆူလ်တန် (Andi Sultan) က သောကြာနေ့ နံနက်ပိုင်းတွင် နဝမမြောက်နှင့် ဒသမမြောက် ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဗီဒီယိုသတင်းထုတ်ပြန်ချက်တွင် မျက်ရည်လည်ရွဲဖြင့် ပြောကြားခဲ့သည်။ ထို့အတူ ရုပ်အလောင်းများကို ပြန်လည်သယ်ဆောင်သည့် လုပ်ငန်းစဉ်များ ဆက်လက် လုပ်ဆောင်နေကြောင်းလည်း သိရသည်။ ကယ်ဆယ်ရေးအဖွဲ့များသည် လေယာဉ်အပျက်အစီး အစိတ်အပိုင်းများကို တောင်တန်းတစ်ဝိုက်ရှိ နေရာအသီးသီးတွင် ပျက်ကျသည့်နေ့ကတည်းက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဟာဆာနူဒင် စစ်ဌာနချုပ်မှ စစ်ဆင်ရေးအရာရှိချုပ် ကာနယ် ဒိုဒီထရီယိုဟာဒီက အထူးအဖွဲ့တစ်ဖွဲ့သည် လေယာဉ်၏ ပျံသန်းမှုမှတ်တမ်းတင်စက် (Black Box) ကို တောင်ထိပ်မှ မီတာ ၁၅၀ ခန့်အကွာ တောင်စောင်းတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောကြားသည်။
“Black Box ကို လေယာဉ်အမြီးပိုင်းမှာ မူလအတိုင်း တပ်လျက်သားအတိုင်း တွေ့ရပါတယ်။ အစိတ်အပိုင်း ပျက်စီးခြင်းမရှိဘဲ အကောင်းပကတိအတိုင်း ရှိနေပြီး အဖွဲ့က ရှာဖွေကယ်ဆယ်ရေးစခန်းကို သယ်ဆောင်နေပြီဖြစ်ပါတယ်” ဟု ၎င်းက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
အမျိုးသားသယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံမှုကော်မတီ (KNKT) က အဆိုပါ Black Box အတွင်းရှိ လေယာဉ်ပျက်ကျမှုဆိုင်ရာ အချက်အလက်များကို စတင်စစ်ဆေးနေပြီ ဖြစ်သည်။
သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ အဆိုပါကင်းလှည့်လေယာဉ်သည် ပုံမှန်စစ်ဆေးမှုများနှင့် ပြုပြင်ထိန်းသိမ်းမှုများကို စနစ်တကျ ခံယူထားကြောင်း သိရသည်။ လေကြောင်းညွှန်ကြားရေးမှူးချုပ် လူကမန် အက်ဖ် လိုင်ဆာက လေယာဉ်ကို နောက်ဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မာနာဒိုမြို့၌ စစ်ဆေးခဲ့ကြောင်းနှင့် ပျံသန်းနိုင်စွမ်းရှိသည့် သက်တမ်းတိုးလက်မှတ်ကိုလည်း လွန်ခဲ့သော နှစ်လကမှ ရရှိထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုဖြစ်ရပ်သည် အင်ဒိုနီးရှားနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုအတွင်း ATR 42 အမျိုးအစားလေယာဉ်၏ ပထမဆုံးအကြိမ် လူသေဆုံးမှုရှိသည့် ပျက်ကျမှုဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကမူ Trigana Air Service မှ ATR 42-300 လေယာဉ်တစ်စင်း ပါပူအာဒေသတွင် ပျက်ကျခဲ့ရာ လူ ၅၄ ဦး သေဆုံးခဲ့ဖူးသလို၊ ၂၀၂၁ ခုနှစ်တွင်လည်း Sriwijaya လေကြောင်းလိုင်းမှ Boeing 737 ဂျက်လေယာဉ်တစ်စင်း ဂျာဗားပင်လယ်အတွင်း ပျက်ကျကာ လူ ၆၂ ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်များ ရှိခဲ့ဖူးသည်။
Ref: Jakarta Post, Indonesian SAR Agency
