





၂၃. ၁. ၂၀၂၆
Written by NYL
ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းလုပ်ကိုင်သည့် ပြည်သူများ ပိုမိုတိုးတက်အောင်မြင်ရန် ကြိုတင်ရေးဆွဲထားသည့် ရက်ပေါင်း ၁၀၀ စီမံချက်အတွင်း အထူးဆောင်ရွက်သွားမည်ဟု ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ရေကြည်မြို့နယ်တွင် ဇန်နဝါရီ ၂၃ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ဧရာ၀တီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ သင်္ဃန်းဒေါင့်ကျေးရွာအုပ်စု၊ သရက်ပင်လှကျေးရွာတွင် ယနေ့၊ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝင်များ၊ ပါတီမိတ်ဆွေများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း (PR)နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရေကြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) နှင့် ဧရာ၀တီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အခြားလွှတ်တော်ကိုယ်စားလှယ်လောင်းများ တက်ရောက်ခဲ့သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က “ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ရွေးကောက်ပွဲ တတိယပိုင်းမှ ဆက်လက်အနိုင်ရရှိတဲ့အခါ လုပ်ဆောင်သွားမဲ့ ကြိုတင်ရေးဆွဲထားတဲ့ ရက်ပေါင်း ၁၀၀ စီမံချက်ရှိပါတယ်။ ကျွန်တော်တို့ စိုက်ပျိုးရေးသမားတွေ၊ မွေးမြူရေးသမားတွေ၊ ရေလုပ်ငန်းသမားတွေ ပိုမိုတိုးတက်အောင်မြင်ရန်ကြိုတင်ရေးဆွဲထားတဲ့ ရက်ပေါင်း ၁၀၀ စီမံချက်အတွင်း အထူးကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကြေညာအပ်ပါတယ် “ ဟု တွေ့ဆုံပွဲ တက်ရောက်လာသူများကို ပြောကြားခဲ့သည်။






ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ၂၀၂၅ ရွေးကောက်ပွဲ အပိုင်း(၁) နှင့် အပိုင်း(၂) တွင် ၈၂ ရာခိုင်နှုန်းခန့်အနိုင်ရရှိပြီးဖြစ်သည့်အတွက် အပိုင်း(၃)တွင်လည်း ရေကြည်မြို့နယ်သူ၊ မြို့နယ်သားများက တိုင်းပြည်ဖွံ့ဖြိုးတိုးတက် အေးချမ်းသာယာအောင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အားပေးကြမည်ဟု ယုံကြည်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ဆက်လက်ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြည်သူလူထု၏ အသံကို နားထောင်လိုပါတယ်။ ကျွန်တော်နဲ့အတူ ရောက်ရှိနေတဲ့ ဧရာ၀တီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကိုယ်စားလှယ်လောင်းကြီးနဲ့တကွ ကျွန်တော်တို့ရဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းကြီးများကလည်း အခုပြည်သူလူထုရဲ့ရှေ့မှာ ရှိနေပါတယ်။ လူထုတွေရဲ့ အသံကို နားထောင်လိုပါတယ်။ ကျွန်တော်တို့က တာဝန်ပေးအပ်ခံရရင် လွှတ်တော်ထဲမှာ ဒီနယ်မြေ၊ ဒီဒေသရဲ့ လိုချက်တွေ၊ ဒီရေကြည်မြို့နယ်ရဲ့ အကျိုး၊ ဒီဧရာ၀တီတိုင်ဒေသကြီးရဲံ့ အကျိုးကို သယ်ပိုးဖို့အတွက် အသင့်ဖြစ်နေပါပြီလို့ ပြောကြားရင် နိဂုံးချုပ်ပါတယ်” အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ရေကြည်မြို့နယ် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ထို့နောက် ရေကြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) နှင့် ဧရာ၀တီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကျုံပျော်ခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း (FPTP) ဦးရန်နိုင်ဝင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အိအိချောတို့က တွေ့ဆုံပွဲတက်ရောက်လာသူများထံ နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။
အဆိုပါ ရေကြည်မြို့နယ်တွင် ပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝင်များ၊ ပါတီမိတ်ဆွေများ တွေ့ဆုံပွဲသို့ စုစုပေါင်း အင်အား တစ်ထောင်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ အပိုင်း (၃)ကို ဇန်နဝါရီ ၂၅ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဧရာ၀တီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)တွင် ကျုံပျော်ခရိုင်၊ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်တို့ပါဝင်ပြီး အဆိုပါ ၄ ခရိုင်အနက် ရွေးကောက်ပွဲကျင်းပရန်ကျန် မြို့နယ်များမှာ ရေကြည်မြို့နယ်၊ ငပုတောမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့ဖြစ်ကြောင်း သိရသည်။
