
၂၃.၁.၂၀၂၆
Translated by Htwe Ko Tun
လူသားတို့နေထိုင်ရာ ကမ္ဘာကြီးက ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတွေအကြား စစ်ပွဲတွေ၊ ပဋိပက္ခတွေနဲ့ ပြည်နှက်နေခဲ့ပြီး နိုင်ငံအတော်များများမှာလည်း ဆန္ဒပြမှုတွေနဲ့ မတည်မငြိမ် ဖြစ်ခဲ့ရမှုတွေကို တွေ့ခဲ့ကြရလို့ အေးချမ်းသာယာပြီး ပဋိပက္ခကင်းကာ ငြိမ်းချမ်းတဲ့ကမ္ဘာကြီးကို ကမ္ဘာသူကမ္ဘာသားတို့အနေနဲ့ တောင့်တနေကြတာပါ။ ဒါပေမယ့် ၂၀၂၆ ခုနှစ်မှာလည်း သူတို့ရဲ့ တောင့်တမှုက မပြည့်ဝဘူးလို့ ဆိုရလောက်အောင် ကမ္ဘာကြီးမှာ ပြဿနာတွေက အမျိုးမျိုးစတင်ခဲ့ပြန်ပါတယ်။
ဇန်နဝါရီလ ၃ ရက်မှာပဲ အနောက်အုပ်စုက အာဏာရှင်စွပ်စွဲထားတဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်တပ်ဖွဲ့တွေက နိုင်ငံတွင်းဝင်ရောက်ဖမ်းဆီးခဲ့မှုက ကမ္ဘာတစ်ဝန်း ထိတ်လန့်တုန်လှုပ်စေခဲ့ပါတယ်။ ဒီနောက်မှာ စစ်ပွဲကြီးစတင်တော့မလား စိုးရိမ်ရတဲ့ အီရန်ဆန္ဒပြပွဲအရေးကို အမေရိကန်က ဝင် ရောက်စွက်ဖက်မယ်ခြိမ်းခြောက်လာမှု၊ ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းကို အမေရိကန်သမ္မတ ထရမ့်ပ်က စစ်အင်အားသုံး ထိန်းချုပ်မယ် ပြောကြားလာတာကြောင့် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေအကြား တင်းမာလာမှုတို့က ဇန်နဝါရီလအတွင်းမှာကို ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေပါ။
ဒီအချိန်မှာပဲ ထရမ့်ပ်က သူအရင်ကအဆိုပြုခဲ့တဲ့ ဂါဇာကမ်းမြောင်ဒေသအတွက် ငြိမ်းချမ်းရေးအစီအစဉ်ရဲ့ နောက်တစ်ဆင့်ကိုကြီးကြပ်မယ့် အဖွဲ့အစည်းတစ်ခုအဖြစ် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Prace) ကို ဇန်နဝါရီလလယ်လောက်မှာ ပြောင်းလဲအဆိုပြုခဲ့ရာမှာ ပိုမိုကျယ်ပြန့်တဲ့လုပ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းတစ်ခု အဖြစ်ရောက်ရှိလာပြီး ကုလသမဂ္ဂကို ရင်ပေါင်တန်းလာမယ့် နိုင်ငံတကာအဖွဲ့အဖြစ်တောင် ရောက်ရှိလာမယ်လို့ ကြိုတင်ခန့်မှန်းလာကြပြန်ပါတယ်။
နိုဝင်ဘာလမှာတုန်းကတော့ ဂါဇာမှာ လုံခြုံရေးတပ်ဖွဲ့တစ်ခု တည်ထောင်ဖို့အပါအဝင် ပိုမိုကျယ်ပြန့်တဲ့ အစီအစဉ်တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို အတည်ပြုခဲ့တာပါ။
ဒါပေမယ့် ထရမ့်ပ်က ပြောင်းလဲအဆိုပြုခဲ့တဲ့လက်ရှိဘုတ်အဖွဲ့ရဲ့ ပဋိဉာဉ်စာတမ်းမှာတော့ ဂါဇာဒေသနဲ့ ပတ်သက်လို့ အကြောင်းတစ်စုံတစ်ရာ တိုက်ရိုက်ဖော်ပြထားခြင်းမရှိဘဲ “တည်ငြိမ်မှုကို မြှင့်တင်ရန်၊ ယုံကြည်စိတ်ချရသော ဥပဒေနှင့်အညီ အုပ်ချုပ်မှုကို ပြန်လည်ထူထောင်ရန်နှင့် ပဋိပက္ခဒဏ်ခံရသော သို့မဟုတ် ခြိမ်းခြောက်ခံရသော ဒေသများတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို လုံခြုံစေရန်” ရည်ရွယ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းအသစ်တစ်ခုအဖြစ် ကျယ်ပြန့်သော တာဝန်တစ်ရပ်ကိုဆောင်ရွက် သွားမယ်လို့ အဆိုပြုထားတာပါ။
ပဋိဉာဉ်စာတမ်းမှာ အမေရိကန်ပြည်ထောင်စုရဲ့ လက်ရှိသမ္မတ ထရမ့်ပ်က ဘုတ်အဖွဲ့ကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာဖြစ်ပြီး မိမိဆန္ဒအလျောက် နုတ်ထွက်တာ ဒါမှမဟုတ် အမှုဆောင်ဘုတ်အဖွဲ့၏ တာဝန်ကိုစွမ်းဆောင်နိုင်မှု မရှိတော့ဘူးလို့ တညီတညွတ်တည်း မဲပေးဆုံးဖြတ်တဲ့အခါမျိုးမှသာ ဥက္ကဋ္ဌနေရာကို အစားထိုးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
အဖွဲ့ဝင်နိုင်ငံတစ်ခုစီဟာ သုံးနှစ်ထက် မပိုတဲ့ သက်တမ်းကို ထမ်းဆောင်ရမယ်လို့လည်း ပဋိဉာဉ်က ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒေါ်လာတစ်ဘီလျံထက်ပိုပြီး ပံ့ပိုးကူညီသူတွေအတွက်တော့ ခြွင်းချက်တွေလည်း ပါဝင်ပါတယ်။
ထရမ့်ပ်က ဘုတ်အဖွဲ့ကို အဆိုပြုခဲ့ပြီးတဲ့နောက် နိုင်ငံပေါင်း ၆၀ ခန့်ကို ဘုတ်အဖွဲ့သို့ဝင်ရောက်ရန် ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံပေါင်း ၃၀ နီးပါးက ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာပါဖို့ အတည်ပြုထားကြပြီလို့ ထရပ့်ပ် က ဇန်နဝါရီ ၂၃ ရက်မှာ ပြောခဲ့ပါတယ်။ ဒါ့ပြင် ပါဝင်လိုတဲ့ဆန္ဒရှိတယ်လို့ပြောထားတဲ့ နိုင်ငံတွေလည်းရှိတယ် ဆိုပါတယ်။ ဒါပေမယ့် ဒီနိုင်ငံတွေက အမြဲတန်းအဖွဲ့ဝင်ပါဝင်ဖို့ အတွက် အမေရိကန်ဒေါ်လာ တစ်ဘီလျံစီ လှူဒါန်းဖို့ သဘောတူညီထားခြင်း ရှိ၊ မရှိ မသိရသေးပါဘူး။
အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ သဘောတူတဲ့ နိုင်ငံတွေထဲမှာ အယ်လ်ဘေးနီးယား၊ အာဂျင်တီးနား၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဘာရိန်း၊ ဘီလာရုစ်၊ ဘူလ်ဂေးရီးယား၊ အီဂျစ်၊ ဟန်ဂေရီ၊ အင်ဒိုနီးရှား၊ အစ္စရေး၊ ဂျော်ဒန်၊ ကာဇက်စတန်၊ ကိုဆိုဗို၊ မွန်ဂိုလီးယား၊ မော်ရိုကို၊ ပါကစ္စတန်၊ ပါရာဂွေး၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ တူရကီ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဥဇဘက်ကစ္စတန်နှင့် ဗီယက်နမ်တို့ ပါဝင်ပါတယ်။
ဒီမှာ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ရုရှားတို့ကလည်း ဘုတ်အဖွဲ့မှာပါဖို့ သဘောတူတယ်လို့ ထရမ့်ပ်က ပြောခဲ့ပါသေးတယ်။
ထရမ့်ပ်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ ခုထိတော့ သူ့ရဲ့အနောက်မဟာမိတ်နိုင်ငံတွေထဲက ပါဝင်ဖို့ ထောက်ခံသဘောတူညီတဲ့နိုင်ငံတွေ မရှိသေးပါဘူး။ အထူးသဖြင့် ဥရောပနိုင်ငံတွေပါ။ ဂရင်းလန်ကျွန်း အရေးကြောင့် အမေရိကန်နဲ့ ဆက်ဆံရေးမပြေမလည်ဖြစ်နေချိန်မှာ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို ထရမ်ပ့်က ခုလိုပြောင်းလဲအဆိုပြုလာမှုအပေါ် သူတို့က စောင့်ကြည့်ကြဆဲပါ။ ဒီမှာ ယူကေ၊ ပြင်သစ်၊ နော်ဝေး၊ ဆွီဒင်နဲ့ ဆလိုဗေးနီးယားတို့က အဖွဲ့မှာ ချက်ချင်းပါဝင်မှာမဟုတ်ဘူးလို့ ပြောခဲ့ကြပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ရဲ့ရုံးကလည်း အခုအပတ်မှာ အဖွဲ့ရဲ့ပဋိဉာဉ်စာတမ်းဟာ ဂါဇာရဲ့ တစ်ခုတည်းသော မူဘောင်ထက် ကျော်လွန်ပြီး အထူးသဖြင့် မေးခွန်းထုတ်လို့မရတဲ့ ကုလသမဂ္ဂရဲ့ အခြေခံမူတွေနဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ အထူးသဖြင့်လေးနက်တဲ့ မေးခွန်းတွေကို ဖြစ်ပေါ်စေတယ်” လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။
ဒါကြောင့်လည်း ထရမ့်ပ် ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Prace) စီမံချက်က တကယ်ပဲနိုင်ငံတကာ မှာ ငြိမ်းချမ်းရေးကိုရရှိဖို့ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားနိုင်မလား။ ဒါမှမဟုတ် ကုလသမဂ္ဂနဲ့အပြိုင် နိုင်ငံတကာအဖွဲ့ကြီးအဖြစ်ပေါ်ထွန်းလာမလား။ ဒါမှမဟုတ် အမေရိကန်နဲ့ ဥရောပအကြား ဆက်ဆံရေး အဆင်မပြေမှုကို ပိုလို့နက်ရှိုင်းစေမလား စောင့်ကြည့်ရမှာပါ။
Ref : NBC
