၂၃ .၁.၂၀၂၆
Written by Thiri
စင်ပေါ်ကို ဆုချီးမြှင့်ဖို့ တက်လာတဲ့ ကလေးငယ်ကို စင်ပေါ်ရှိလူရွှင်တော်တွေက ပရိတ်သတ်ရှေ့ဘောင်းဘီဆွဲချွတ်ပြီး ဟာသလုပ်တဲ့အတွက် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က ကပြဖျော်ဖြေတဲ့ အောင်ဇမ္ဗူဇာတ်အဖွဲ့ကို ပြင်းထန်စွာ သတိပေးလိုက်ကြောင်း မနေ့က ဇန်နဝါရီလ ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဆိုပါဖြစ်ရပ်က ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ အင်းမရွှေကျောင်း ဘုရားပွဲတော်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့က ကပြဖျော်ဖြေခဲ့စဉ်မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ရဲ့ ထုတ်ပြန်ချက်ပါ ကောက်နုတ်ချက် တချို့မှာ လက်ရှိနာမည်ကြီးနေတဲ့ အဖွဲ့တည်ထောင်သူ မင်းသား ဦးအေးမင်းဦး(ခ)အောင်ဇမ္ဗူ တည်ထောင်တဲ့ အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ရဲ့ နှစ်ပါးသွား အစီအစဉ်ဖျော်ဖြေ တင်ဆက်ရာမှာ လူရွှင်တော်တစ်ဦးဖြစ်သူ ဖြိုးဖြိုးက စင်ပေါ်တက်ကာ ဆုငွေချီးမြှင့်ဖို့လာတဲ့ ကလေးငယ်တစ်ဦးကိုပွေ့ချီယူပြီး အများအမြင်မှာ မသင့်တော်တဲ့ အပြုအမူကို ဟာသသဖွယ် ပြုမူဆောင်ရွက်ခဲ့ကြောင်း၊ အဲဒီလို အပြုအမူအပေါ် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) Official facebook Page သို့လည်းကောင်း၊ (ဗဟို) သဘင် အမှုဆောင်တွေဆီကိုလည်းကောင်း တိုင်ကြားမှု တွေရှိခဲ့ကြောင်း၊ အဆိုပါအကြောင်းအရာဟာ လူမှုကွန်ရက်စာမျက်နှာမှာ ကလေးသူငယ်ရဲ့ ဂုဏ်သိက္ခာနဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတဲ့ အပြုအမူအဖြစ် ဝေဖန်မှုတွေ မြင့်တက်နေတဲ့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့မှ တာဝန်ရှိသူတွေဖြစ်တဲ့ တည်ထောင်သူ ခေါင်းဆောင်မင်းသား အောင်ဇမ္ဗူ၊ မန်နေဂျာ ကိုကျော်ဇေယျနဲ့ လူရွှင်တော် ဖြိုးဖြိုးတို့ကို ဗဟိုသဘင်ရုံးဆီ ဆင့်ခေါ်ကာ တာဝန်ရှိသူတွေက စိစစ်မေးမြန်းခဲ့ရာ အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့မှလည်း ရည်ရွယ်ချက်မရှိဘဲ သတိလက်လွတ်ပြုမူမိခဲ့တဲ့အပေါ် ဝန်ချတောင်းပန်ခဲ့ပြီး နောက်ထပ် အဆိုပါအပြုအမူမျိုး မဖြစ်ပေါ်စေဖို့နဲ့ ထပ်မံဖြစ်ပေါ်ပါက ဗဟိုသဘင်ရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အပြစ်ဒါဏ်ကို ခံယူပါမယ်လို့ ဝန်ခံကတိပြုကာ ခံဝန်လက်မှတ် ရေးထိုးခဲ့ကြောင်း”ဖော်ပြပါရှိပါတယ်။
ဒီ့အတွက်ကြောင့် ဇန်နဝါရီ ၂၂ ရက်နေ့မှာ ပြုလုပ်တဲ့ (ဗဟို) သဘင်နာယကကြီးတွေ၊ ဥက္ကဋ္ဌနဲ့ အမှုဆောင်တွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက် အမှတ်စဉ် (၂၁/၂၀၂၆)အရ မြန်မာနိုင်ငံသဘင်အစည်းအရုံး ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပါ စာမျက်နှာ (၄၃)၊ အခန်း (၁၀)၊ အပိုဒ် (၅၁)၊ အပိုဒ်ခွဲ (ဈ)/သရုပ်ပျက်ကပြ သရုပ်ဆောင်မှု၊ အပိုဒ်ခွဲ (ဋ)/သဘင်လောကရဲ့ ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းစေတဲ့ ပြုမူပြောဆိုမှုတွေနဲ့ ငြိစွန်းတဲ့အတွက်လည်းကောင်း၊ ကာယကံရှင်တွေရဲ့ ဝန်ခံကတိပြုချက်တွေအရ လည်းကောင်း၊ ဇာတ်စင်ထက်မှာသာမက အခြားမည်သည့်နေရာမှာဖြစ်စေ အဆိုပါအပြုအမူမျိုး ပြုလုပ်ခြင်းက အများပြည်သူနဲ့ လူမှုအသိုင်းအဝိုင်းအတွက် စိတ်မချမ်းမြေ့ဖွယ်ရာအပြုအမူအဖြစ် မြန်မာနိုင်ငံသဘင် အစည်းအရုံးအနေနဲ့ လုံးဝ(လုံးဝ) လက်ခံခြင်း မရှိပါကြောင်းနဲ့ မြန်မာနိုင်ငံသဘင်အစည်းအရုံး ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းပါ စာမျက်နှာ (၄၆)၊ အခန်း (၁၀)၊ အပိုဒ် (၅၂)၊ အပိုဒ်ခွဲ (၂) အရ အဆိုပါ ဇာတ်သဘင်အဖွဲ့အား ပြင်းထန်စွာ သတိပေးလိုက်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ ရုပ်သံတွေအရ အောင်ဇမ္ဗူဇာတ်အဖွဲ့မှ မင်းသားနဲ့ လူရွှင်တော်တွေက ကလေးငယ်နှစ်ဦးကို လိင်ပိုင်းဆိုင်ရာမဖွယ်မရာစကားတွေပြောဆိုကာ လိင်အင်္ဂါကို ကိုင်တွယ်လှန်ကြည့်တဲ့ ရုပ်သံတွေ၊ ပုံရိပ်တွေထွက်ပေါ်နေတဲ့အပေါ်မြန်မာနိုင်ငံသဘင် အစည်းအရုံးအနေနဲ့ ကျူးလွန်တဲ့ဇာတ်သဘင်အဖွဲ့က ဝန်ချတောင်းပန်ဝန်ခံကတိပြုတဲ့အတွက် ပြင်းထန်သတိပေးခြင်းနဲ့ အရေးယူလိုက်ကြောင်းကို အခုလို အသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။
