သက်တံ့
၂၃. ၁. ၂၀၂၆
ကမ္ဘောဒီးယားနိုင်ငံသည် နယ်စပ်ဖြတ်ကျော် ဆိုက်ဘာရာဇဝတ်မှုများကို ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာ အရှိန်အဟုန်မြှင့် နှိမ်နင်းလျက်ရှိရာ အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ်နေသည့် နိုင်ငံခြားသား ၂၀၀ ကျော်ကို ယနေ့ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။
ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၂၃ ရက် (ယနေ့) တွင် နိုင်ငံခြားသား ၂၀၉ ဦးကို ၎င်းတို့၏ မိခင်နိုင်ငံများသို့ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါအုပ်စုတွင် တောင်ကိုရီးယားနိုင်ငံသား ၇၃ ဦးနှင့် မြန်မာနိုင်ငံသား ၁၃၆ ဦး ပါဝင်ပြီး ၎င်းတို့ကို သက်ဆိုင်ရာနိုင်ငံများရှိ ဥပဒေကြောင်းအရ ဆက်လက်အရေးယူနိုင်ရန် ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ယခုပြည်နှင်ဒဏ်ပေးခံရသူများထဲတွင် ငွေလိမ်ဂိုဏ်းများ၌ ပါဝင်ပတ်သက်သူများသာမက နည်းပညာအခြေပြု လိမ်လည်မှုများတွင် အတင်းအကျပ်စေခိုင်းခံရသည့် သားကောင်များလည်း ပါဝင်နေသည်။ အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် လူကုန်ကူးခြင်းနှင့် ခြိမ်းခြောက်ငွေညှစ်ခြင်း နည်းလမ်းများကို အသုံးပြုနေကြသဖြင့် ယခုစစ်ဆင်ရေးကို နိုင်ငံတကာအစိုးရများနှင့် ချိတ်ဆက်ကာ သားကောင်များကို ကာကွယ်ပေးရန်နှင့် ကျူးလွန်သူများကို ဥပဒေအရ အရေးယူနိုင်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘောဒီးယားအာဏာပိုင်များ၏ ပြောကြားချက်အရ အွန်လိုင်းငွေလိမ်မှုနှင့် ပတ်သက်၍ တောင်ကိုရီးယားနိုင်ငံသားများကို ပြည်နှင်ဒဏ်ပေးခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ဘဲ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်းကလည်း တောင်ကိုရီးယားနိုင်ငံသား ၂၄၄ ဦးကို ပြန်လည်ပို့ဆောင်ခဲ့ဖူးကြောင်း သိရသည်။
ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာနက ယခုလုပ်ဆောင်ချက်သည် နည်းပညာရာဇဝတ်မှုများကို ပပျောက်စေရန်၊ နိုင်ငံတော်နှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို ကာကွယ်ရန်နှင့် ဂိုဏ်းခေါင်းဆောင်များကို ခြွင်းချက်မရှိ အရေးယူရန်အတွက် “ကမ္ဘောဒီးယားဥပဒေကို ပြတ်ပြတ်သားသား ကျင့်သုံးခြင်း” ဖြစ်သည်ဟု ဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အွန်လိုင်းလိမ်လည်မှုများကို နှိမ်နင်းခြင်းများကို တိုးမြှင့်လုပ်ဆောင်ခဲ့ရာ ဇန်နဝါရီ ၁ ရက်မှ ၂၂ ရက်အထိ ဗီယက်နမ်၊ ထိုင်း၊ တရုတ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနှင့် မြန်မာ အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ နိုင်ငံခြားသား ၁,၆၂၀ ဦး ကို ပြည်နှင်ဒဏ်ပေးခဲ့သည်။ ထို့အတူ ပြီးခဲ့သည့် ၇ လအတွင်း: တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ပြုလုပ်သည့် စစ်ဆင်ရေးများမှဖမ်းဆီးရမိသည့် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ သံသယရှိသူ ၅,၁၀၆ ဦး အနက် ၄,၅၃၄ ဦး ကို ပြည်နှင်ဒဏ်ပေးခဲ့သည်။ အလားတူ ဆိုက်ဘာငွေလိမ်မှုနှင့် ပတ်သက်သည့် အကြီးစားအမှုပေါင်း ၃၇ မှုကို ကမ္ဘောဒီးယားတရားရုံးများက ကိုင်တွယ်ခဲ့ပြီး ဂိုဏ်းခေါင်းဆောင်နှင့် အပေါင်းအပါ ၁၇၂ ဦးကို ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။
ကမ္ဘောဒီးယားအစိုးရသည် အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်စခန်းအဖြစ် အသုံးပြုခြင်းကို တားဆီးရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အထူးရဲတပ်ဖွဲ့များနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများဖြင့် ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ကြောင်းလည်း ထပ်လောင်းအတည်ပြုခဲ့သည်။
ကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam Centers) များတွင် မြန်မာနိုင်ငံသားများသည် လစာကောင်းသည့် အလုပ်အကိုင်ဟု လှည့်ဖျားခံရကာ ရောက်ရှိသွားသူများပြားပြီး ယခုပြည်နှင်ဒဏ်ပေးမှုတွင် အရေအတွက် အများဆုံးထဲ၌ ပါဝင်နေသည်။ ယခုစစ်ဆင်ရေးသည် အရှေ့တောင်အာရှအတွင်း ကြီးထွားလာနေသည့် ဆိုက်ဘာရာဇဝတ်မှုများကို တရုတ်၊ ထိုင်းနှင့် လာအိုနိုင်ငံတို့နှင့်အတူ ဟန်ချက်ညီညီ နှိမ်နင်းနေသည့် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ပြည်နှင်ဒဏ်ပေးပြီးနောက် မြန်မာနိုင်ငံသား ၁၃၆ ဦးကို ယနေ့ ပြန်လည်ပို့ဆောင်အပြီး ၎င်းတို့သည် မြန်မာနိုင်ငံသို့ ရောက်ရှိပါက ဥပဒေအရ စစ်ဆေးမေးမြန်းမှုများ ဆက်လက်ခံယူရဖွယ် ရှိသည်။
Ref: Phnom Penh Post, Khmer Times
