နေမိုး
၂၂. ၁. ၂၀၂၆
သက်ကြီးရွယ်အိုဇနီးမောင်နှံကို တောင်တွင်းကြီး PDF ငါးဦးက ဒလန်ဟု စွပ်စွဲ တံဆိပ်ကပ်ကာ သတ်ဖြတ်သွားသည့်အပြင် ကျပ်သိန်းထောင်ချီတန်ဖိုးရှိ ရွှေနှင့် ငွေအပါအဝင် အခြားပစ္စည်းများကို လုယက်သွားကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယခုည သတင်းထုတ်ပြန်သည်။
NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ယမန်နေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက် ညနေ ၄ နာရီ ၂၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ တလုပ်ကုန်းကျေးရွာနေ ဦးမြင့်စိန်(၆၄)နှစ်သည် ဇနီးဖြစ်သူ ဒေါ်လှကြည်(၆၃)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF ငါးဦးက ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ရှိ လက်ကိုင်ဖုန်း သုံးလုံး၊ ငွေကျပ် ၁၅၅ သိန်း၊ ရွှေထည်ပစ္စည်းမျိုးစုံ ၁၀ ကျပ်သားခန့်တို့အား လုယက်ယူဆောင်သွားခဲ့ကြောင်းနှင့် ၎င်းတို့ နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုနှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၁၀၀၀ အထက် သေဆုံးဒဏ်ရာရမှု ဖြစ်ပွားထားသည်။
