MT News
၂၃. ၁. ၂၀၂၆
ရုရှားနိုင်ငံက မြန်မာနိုင်ငံကို နေကြာဆီ တန်ချိန် ၂၅၀ ကျော်အား လူသားချင်းစာနာမှုအကူအညီအဖြစ် လွှဲပြောင်းပေးအပ်ခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက ယနေ့ သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံး၏ သတင်းထုတ်ပြန်ချက်အရ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) မှတစ်ဆင့် ရန်ကုန်မြို့သို့ ဗီတာမင် A နှင့် D ဖြည့်နေကြာဆီ တန်ချိန် ၂၅၀ ကျော်ကို ရုရှားနိုင်ငံ၏ လူသားချင်းစာနာမှုအကူအညီအဖြစ် ထပ်မံပို့ဆောင်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
ရုရှားသံရုံးဝန်ထမ်းများသည် ရန်ကုန်မြို့ရှိ WFP သိုလှောင်ရုံသို့ သွားရောက်ပြီး မြန်မာနိုင်ငံ၏ ဒေသများသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဖြန့်ဝေပေးမည့် အစီအစဉ်နှင့် လမ်းကြောင်းများကို ဆွေးနွေးခဲ့ကြသည်။
နှစ်ဦးနှစ်ဖက်အပြန်အလှန်အားဖြင့်လည်းကောင်း သက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းများမှတစ်ဆင့်လည်းကောင်း မြန်မာနိုင်ငံအား ဆက်လက်ကူညီပံ့ပိုးရန် ရုရှားဘက်မှ အဆင်သင့်ရှိကြောင်း အတည်ပြုခဲ့သည်ဟုလည်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


