သက်တံ့
၂၃. ၁. ၂၀၂၆
မလေးရှားနိုင်ငံ၊ မလက္ကာမြို့တွင် အတုပြုလုပ်ထားသော နိုင်ငံကူးလက်မှတ်များနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတ်များကို လက်ဝယ်ထားရှိမှု အပါအဝင် ပြစ်မှုပေါင်း (၁၇) ခုဖြင့် တရားစွဲဆိုခံထားရသော မြန်မာနိုင်ငံသားတစ်ဦးအား ယမန်နေ့က တရားရုံးမှ ထောင်ဒဏ် (၁၃) နှစ်နှင့် (၇) လ ချမှတ်လိုက်ကြောင်း သိရသည်။
စာရွက်စာတမ်းအတုပြုလုပ်သည့် ဂိုဏ်းတစ်ခု၏ အေးဂျင့်အဖြစ် လုပ်ကိုင်သူ အသက် (၅၃) နှစ်အရွယ် စန်းလွင်သည် ၎င်းအပေါ် စွဲဆိုထားသည့် ပြစ်မှုအားလုံးအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးနောက် မလက္ကာမြို့တရားသူကြီး Sharda Shienha Mohd Suleiman က ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပြစ်ဒဏ်များအား ၎င်းဖမ်းဆီးခံခဲ့ရသည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှစတင်ကာ တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
တရားခံစန်းလွင်သည် ကောင်းစံဟိဏ်းအမည်ဖြင့် သမိုင်းသက်သီအပါအဝင် ရခိုင်သီချင်းများဆိုခဲ့သော ရခိုင်အဆိုတော်တစ်ဦးဖြစ်ပြီး မလေးရှားနိုင်ငံတွင်နေထိုင်ကာ ခရီးသွားလုပ်ငန်းနှင့် ပတ်စ်ပို့ဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်နေသူဖြစ်သည်ဟုလည်း Western News က ဖော်ပြသည်။
တရားခံ စန်းလွင်အပေါ် စွဲဆိုထားသည့် ပြစ်မှုများမှာ စာရွက်စာတမ်းများ အတုဖြစ်သည်ကို သိလျက်နှင့် အစစ်အမှန်အဖြစ် အသုံးပြုရန် ရည်ရွယ်ကာ လက်ဝယ်ထားရှိမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၇၄/၄၆၆ ဖြင့် ၈ မှုဖြစ်ပြီး အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် ၇ နှစ်နှင့် ငွေဒဏ်ချမှတ်နိုင်သည်။ ထို့အပြင် အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ရင်းဂစ် ၁၀,၀၀၀ ငွေဒဏ်ချမှတ်နိုင်သည့် ပြစ်မှုများဖြစ်သော ၁၉၆၆ နိုင်ငံကူးလက်မှတ် အက်ဥပဒေ ပုဒ်မ ၁၂(၁)(က) နှင့် အတုပြုလုပ်ခြင်း သို့မဟုတ် ပြင်ဆင်ထားသော နိုင်ငံကူးလက်မှတ်နှင့် ခရီးသွားလာခွင့် စာရွက်စာတမ်းများ လက်ဝယ်ထားရှိမှု (၃) မှုနှင့် ၁၉၆၆ နိုင်ငံကူးလက်မှတ် အက်ဥပဒေ ပုဒ်မ ၁၂(၁)(စ) အရ အခြားသူတစ်ဦး၏ အမည်ဖြင့် ထုတ်ပေးထားသော နိုင်ငံကူးလက်မှတ်များကို တရားမဝင် လက်ဝယ်ထားရှိမှု (၅) မှုတို့အပြင် အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေဒဏ်ချမှတ်နိုင်သည့် အတုပြုလုပ်ထားသော UNHCR ကတ်ကို အစစ်အမှန်သဖွယ် မရိုးမသား အသုံးပြုမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၇၁/၄၆၅ အရ တစ်မှုတို့ဖြစ်သည်။
အမှုဖွင့်ခံရသည့် အဆိုပါ စာရွက်စာတမ်းအတုများကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က မလက္ကာမြို့၊ Taman Malim Jaya ရှိ တိုက်ခန်းတစ်ခုတွင် ဝင်ရောက်စီးနင်းစဉ် စန်းလွင်ထံမှ လက်ဝယ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အမှုနှင့် ဆက်စပ်၍ ဆန်းလွင်ထံတွင် စာရွက်စာတမ်းအတုပြုလုပ်ပေးရန် လာရောက်အပ်နှံသူ (Clients) များဖြစ်သည့် မြန်မာဇနီးမောင်နှံ ဇော်နိုင် (၃၁ နှစ်) နှင့် ခင်စောဝေ (၂၆ နှစ်) တို့ကိုလည်း နိုင်ငံကူးလက်မှတ်အတု လက်ဝယ်ထားရှိမှုဖြင့် အသီးသီး ထောင်ဒဏ် (၆) လနှင့် (၈) လစီ ချမှတ်ခဲ့သည်။
ထို့အပြင် အခြားမြန်မာနိုင်ငံသားတစ်ဦးဖြစ်သူ မူဟာမက်နော်ဟိုင်ရူးဘိုရှာ (၁၈ နှစ်) ကိုလည်း UNHCR ကတ်အတု အသုံးပြုမှုဖြင့် မလေးရှားရင်းဂစ် ၅,၀၀၀ ဒဏ်ရိုက်ခဲ့ပြီး ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ် (၆) လ ကျခံရန် အမိန့်ချခဲ့သည်။
အစိုးရရှေ့နေ Syaza Nur Sharif က ယခုကဲ့သို့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဂိုဏ်းများ၏ လုပ်ဆောင်ချက်များသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေသဖြင့် ထိရောက်သော ပြစ်ဒဏ်ချမှတ်ပေးရန် တရားရုံးသို့ လျှောက်လဲခဲ့ကြောင်း သိရသည်။
ဤဖမ်းဆီးမှုသည် မလေးရှားနိုင်ငံအတွင်းရှိ မှတ်ပုံတင်မဲ့ ရွှေ့ပြောင်းလုပ်သားများကြားတွင် UNHCR ကတ်အတုနှင့် နိုင်ငံကူးလက်မှတ်အတု ပြုလုပ်ပေးနေသည့် ဂိုဏ်းကြီးတစ်ခုကို ဖြိုခွဲနိုင်ခဲ့ခြင်း ဖြစ်သည်။ ပြစ်ဒဏ်ချမှတ်မှုတွင် ထောင် ၁၃ နှစ်ကျော်ဟု ဆိုသော်လည်း တရားသူကြီးက “Concurrent” (တစ်ပေါင်းတည်း) ကျခံရန် အမိန့်ချမှတ်ခဲ့သဖြင့် လက်တွေ့တွင် ပြစ်မှုများအနက် အမြင့်ဆုံးဖြစ်သော ထောင်ဒဏ်ကာလအတိုင်းသာ အကျဉ်းကျခံရဖွယ် ရှိသည်။ ၂၀၂၅ ခုနှစ်နှောင်းပိုင်းမှစတင်၍ မလေးရှားအစိုးရသည် တရားမဝင် စာရွက်စာတမ်းကိုင်ဆောင်သူများနှင့် အတုပြုလုပ်သူများကို ယခင်ကထက် ပြင်းထန်သော ဥပဒေပုဒ်မများဖြင့် အရေးယူနေကြောင်း တွေ့ရှိရသည်။
Ref: Malay Mail , Bernama




