၂၃.၁.၂၀၂၆
Written By Thandar
ဂီတလမ်းကြောင်းပေါ်မှာရော သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်အားပေးမှုရရှိထားတဲ့ အကယ်ဒမီ ထွန်းထွန်းက “အိပ်မက်တွေပျောက်တဲ့ည”ဇာတ်လမ်းတွဲမှာ ငယ်စဉ်က ဖခင်မေတ္တာငတ်မွတ်တဲ့ ကောင်လေးရဲ့ ရင်နာစရာပုံစံလေးနဲ့ ပါဝင်ထားတယ်လို့ ဆိုပါတယ်။
“ကျွန်တော် အိပ်မက်တွေပျောက်တဲ့ည ဇာတ်လမ်းတွဲမှာ ငယ်စဉ်က ဖခင်မေတ္တာငတ်မွတ်ခဲ့ရတဲ့ ကောင်လေးတစ်ယောက်ရဲ့ နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ မိသားစုဇာတ်လေးကိုမှ ရင်နာစရာကောင်းတဲ့ ဇာတ်လမ်းလေးပါ။ လူတွေဟာ မထင်မှတ်ထားတဲ့အရာတစ်ခုကြောင့် ကိုယ့်ရဲ့ ဘဝအိပ်မက်တွေက ပျောက်ဆုံးကြတာလည်းရှိကြပါတယ်။ ဒါကြောင့်မို့ ဒီကားလေးက ပရိသတ်တွေ ကြည့်နေကြဖြစ်တဲ့ ဇာတ်လမ်းပုံစံလေးမို့ ထုတ်လွှင့်ရင် အားပေးကြဦးလို့ ပြောချင်ပါတယ်”လို့ အကယ်ဒမီ ထွန်းထွန်းက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်းဝေလ၊ ဇာတ်ညွှန်း ချစ်ဆုခင်၊ DOP ရဲမင်းသူ၊ Assistant ဒါရိုက်တာ နန်းအိအိဝင်း၊ ဒါရိုက်တာ ရဲနိုင်က ဒရာမာဇာတ်လမ်းပုံစံ ရိုက်ကူးပုံဖော်ထားတာလည်းဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ ထွန်းထွန်း၊ အယ်လာရွှေစင်၊ မင်းဟိဏ်း၊ ထူးခြား၊ ဆုထက်ကဋေ စတဲ့ အနုပညာရှင်တွေများစွာပါဝင်ထားကြပါတယ်။
“ဒီကားမှာ ကိုယ်က မိသားစုတစ်စုပေါ်မှာ ရပ်တည်နေရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ ပါဝင်ထားပါတယ်။ ကိုဝေလရဲ့ သီချင်းတစ်ပုဒ်ကို ဇာတ်လမ်းအနေနဲ့ ဖန်တီးထားတဲ့ကားပါ။ ကိုယ့်သားအနေနဲ့ ထွန်းထွန်းကပါဝင်ထားတယ်။ အိမ်ထောင်ဦးစီးဆိုပေမယ့် အစ်ကိုက မိန်းမရှုပ်တဲ့သူဆိုတော့ ကိုယ့်ရဲ့ရပ်တည်မှုတစ်ခုကြောင့် သားပေါ်မှာ ရိုက်ခတ်မှုဖြစ်တတ်တဲ့ပုံစံလေးပါ။ ထွန်းထွန်းရဲ့ လုပ်ကွက်အိုက်တင်ပိုင်းကို ဒီကားပရိသတ်တွေမြင်တွေ့ရမှာပါ”လို့ သရုပ်ဆောင် မင်းဟိဏ်းက ပြောပါတယ်။
ဒရာမာဇာတ်လမ်းပုံစံ “အိပ်မက်တွေပျောက်တဲ့ည” ဇာတ်လမ်းတွဲကို လာမယ့် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ bebee TV Application က စတင်ပြသမှာလည်း ဖြစ်ပါတယ်။
#ထွန်းထွန်း #အယ်လာရွှေစင် #မင်းဟိဏ်း #ထူးခြား #ဆုထက်ကုဋေ #bebeetv #application #entertainment #အိပ်မက်တွေပျောက်တဲ့ည

