၂၃.၁.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ရုရှားနိုင်ငံနဲ့ ယူကရိန်းနိုင်ငံတို့မှ ထိပ်တန်းကိုယ်စားလှယ်အဖွဲ့တွေဟာ ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးအစီအစဉ်အတွက်ကို နှစ်ရက်ကြာ ဆွေးနွေးကြဖို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ၊ အဘူဒါဘီမြို့ကို ဇန်နဝါရီလ ၂၃ ရက်မှာ ဦးတည်သွားနေကြပြီဖြစ်ပါတယ်။
အမေရိကန်အထူးကိုယ်စားလှယ် စတိဗ် ဝိခ်အော့ဖ်နဲ့ ဂျားကွတ်ရှ်နာတို့ဟာ ဇန်နဝါရီလ ၂၂ ရက်နှောင်းပိုင်းမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံဖို့ မော်စကိုမြို့ကို ခရီးထွက်ခဲ့ကြပါတယ်။ အမေရိကန်သံတမန်တွေနဲ့ သမ္မတပူတင်အကြား တွေ့ဆုံမှုဟာ သောကြာနေ့အစောပိုင်းအထိ ကောင်းမွန်စွာပြီးဆုံးခဲ့တယ်လို့ ရုရှားဘက်က ပြောကြားခဲ့ပါတယ်။
ဒီနောက်မှာတော့ အဘူဒါဘီမှာကျင်းပမယ့် ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းပွဲမှာ ရုရှားလည်းပါဝင်မယ်ဆိုတာ ရုရှားအစိုးရကလည်း အတည်ပြုခဲ့ပါတယ်။
ရုရှားကိုယ်စားလှယ်အဖွဲ့ကို ရုရှားနိုင်ငံ စစ်ဘက်ထောက်လှမ်းရေးအေဂျင်စီ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီးအီဂေါကော့စ်ကျူကော့ဗ်က ဦးဆောင်မယ်လို့ ရုရှားသမ္မတရဲ့နိုင်ငံခြားရေးမူဝါဒ အကြံပေးပုဂ္ဂိုလ် ယူရီ ယူရှာကော့ဗ်က ပြောခဲ့ပါတယ်။ ရုရှားရဲ့ ရင်းနှီးမြှုပ်နှံမှုသံတမန် ကီရီလ်ဒီမီထရိဗ်ကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ်ပ်ရဲ့ အထူးသံတမန် စတိဗ်ဝိခ်အော့ဖ်နဲ့ စီးပွားရေးကိစ္စရပ်တွေကို သီးခြားတွေ့ဆုံမယ်လို့ ပြောကြားခဲ့ပါတယ်။
သုံးပွင့်ဆိုင်အစည်းအဝေးက လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်လို့ နှစ်ရက်ကြာမယ်လို့ မျှော်လင့်ရတယ်ဆိုတာ ယူရှာကော့ဗ်က ပြောခဲ့ပါသေးတယ်။
ယူရှာကော့ဗ်က “ရုရှားအနေနဲ့ ပဋိပက္ခကို နိုင်ငံရေးနဲ့ သံတမန်နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ အမှန်တကယ် စိတ်ဝင်စားပါတယ်။ ဒီလိုမဖြစ်မချင်းတော့ ရုရှားအနေနဲ့ ရည်မှန်းချက်တွေကို အောင်မြင်ဖို့ … စစ်မြေပြင်မှာ ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမားဇယ်လန်စကီးက ညှိနှိုင်းဆွေးနွေးပွဲမှာ သဘောတူညီချက်ရရှိဖို့ အဓိကအခက်အခဲတွေထဲက တစ်ခုဟာ ယူကရိန်းအရှေ့ပိုင်းမှာ ပိုင်နက်နယ်မြေ ပြဿနာဖြစ်တယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Ref : DW News
