၂၃.၁.၂၀၂၆
Written by Thiri
မနေ့က ဇန်နဝါရီ ၂၂ ရက် ည ၁၀ နာရီကျော်အချိန်မှာ အသက် ၉၀ ကျော် အဘိုးအိုတစ်ဦးကို ရွှေပြည်သာမြို့နယ် ငါးကန်လမ်းအနီး ဂိတ်ဟောင်းမှတ်တိုင်မှာ ဘေးတွဲဆိုင်ကယ်က လာရောက်စွန့်ပစ်သွားလို့ဆိုကာ တာဝန်သိပြည်သူတွေက လူမှုကူညီရေးအဖွဲ့တွေထံ ချိတ်ဆက်အကူအညီတောင်းခံခဲ့လို့ ဝိုင်းဝန်းကူညီပြီး နေအိမ်ဆီ ညတွင်းချင်း အရောက်ပြန်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အဘိုးအိုကို ရွှေပြည်သာမြို့နယ် ငါးကန်လမ်းအနီး ဂိတ်ဟောင်းမှတ်တိုင်မှာ ဘေးတွဲဆိုင်ကယ်တစ်စီးက ထားခဲ့ကြောင်း ပြည်သူတစ်ဦးက Shwe Pyi Thar Infomation Group ထံ အကြောင်းကြားလာလို့ အဆိုပါ ဂရုက ဆိုရှယ်မီဒီယာကနေတစ်ဆင့် အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။


ဘတ်စ်ကားမှတ်တိုင်အနီး တစ်ဦးတည်းထိုင်နေကာ နေရပ်မမှတ်မိတဲ့ အဘိုးကို အနီးအနားက ကားဝပ်ရှော့က စားစရာနဲ့ အိပ်စရာ ကူညီပေးထားပြီး လူမှုကူညီရေးအသင်းနဲ့ ချိတ်ဆက်မိရာက ရွှေပြည်သာအခြေစိုက်လူမှုကူညီရေး အသင်းနှစ်သင်းဖြစ်တဲ့ We Love Care ပရဟိတအသင်းနဲ့ ရွှေမေတ္တာပရဟိတအသင်းတို့က သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။
နေရပ်မပြန်တတ်ဖြစ်နေတဲ့ အဘိုးကို ရွှေမေတ္တာ လူမှူကူညီရေးအသင်းက အိမ်တိုင်ရာရောက် လိုက်ပို့ခဲ့ပြီး အဖိုးကို မိသားစုက စွန့်ပစ်သွားတာမဟုတ်ကြောင်းနဲ့ အဖိုးက ပင်စင်လာထုတ်ရင်း အပြန်လမ်းကိုရုတ်တရက် မမှတ်မိဖြစ်နေတာလို့ ပြောပြပါတယ်။
အဆိုပါ အသင်းတာဝန်ရှိသူက “အဘိုးက တစ်လ တစ်ခါပင်စင်ထုတ်နေကျ။ သူ့အမျိုးသမီးလည်းရှိတယ်။ သားလည်းရှိတယ်။ ကျွန်မတို့ အသင်းက လစဉ်စောင့်ရှောက်နေတဲ့ ဘိုးဘွားစာရင်းမှာလည်းပါလို့ သိနေတာပါ။ သုံးဘီးနဲ့ပစ်တာ သူ့သားမဟုတ်ဘူး။ အဘိုးက လမ်းနဲ့အိမ်ကို ပုံစံဝိုးတဝါးပဲမှတ်မိတာမို့ သုံးဘီးက နီးစပ်ရာ ချပေးခဲ့တာပါ”လို့ MT News ကို ပြောပါတယ်။
အဘိုးမှာ ဇနီး၊ သားဖြစ်သူနဲ့ အတူနေထိုင်ပြီး အဘိုးပြန်မလာတဲ့အတွက် လိုက်လံရှာဖွေနေစဉ် အခုလိုအဖြစ်ကြုံရတာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

