သက်တံ့
၂၃. ၁.၂၀၂၆
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ နုတ်ထွက်မည့်အကြောင်း ကုလသမဂ္ဂသို့ အကြောင်းကြားခဲ့ပြီး တစ်နှစ်အကြာတွင် အမေရိကန်ပြည်ထောင်စုသည် ယမန်နေ့က အဆိုပါအဖွဲ့မှ တရားဝင် နုတ်ထွက်ခဲ့ပြီ ဖြစ်သည်။
ယင်းလုပ်ဆောင်ချက်သည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က သမ္မတ ဒေါ်နယ်ထရန့် လက်မှတ်ရေးထိုးခဲ့သည့် အမှုဆောင်အမိန့်အရ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ WHO ၏ ဖွဲ့စည်းပုံစည်းမျဉ်းအရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံသည် နုတ်ထွက်စာ တင်သွင်းပြီး ၁၂ လအကြာတွင် နုတ်ထွက်မှု အတည်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။
အမေရိကန်၏ ဆုံးဖြတ်ချက်အပေါ် WHO က စိတ်မကောင်းဖြစ်ရပါကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ၎င်းတို့အဖွဲ့အစည်းသည် အမေရိကန်နိုင်ငံသားများ အပါအဝင် တစ်ကမ္ဘာလုံး၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း တုံ့ပြန်ခဲ့သည်။
WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အာဟနွမ် ဂီဘရီယီဆက်က ယခုကဲ့သို့ နုတ်ထွက်ခြင်းသည် အမေရိကန်နှင့် နိုင်ငံတကာအသိုက်အဝန်းကိုပါ “ဘေးကင်းလုံခြုံမှု မရှိ” စေနိုင်ကြောင်းနှင့် ယင်းသည် “မှန်ကန်သော ဆုံးဖြတ်ချက်မဟုတ်” ကြောင်း ယခင်ကတည်းက သတိပေးပြောကြားခဲ့ဖူးသည်။
အိမ်ဖြူတော်ဘက်ကမူ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အကျပ်အတည်းများအပေါ် WHO ၏ ကိုင်တွယ်ဖြေရှင်းပုံနှင့် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် ပျက်ကွက်ခြင်းတို့ကြောင့် ယခုကဲ့သို့ နုတ်ထွက်ရခြင်းဖြစ်သည်ဟု ကာကွယ်ပြောဆိုခဲ့သည်။
နုတ်ထွက်မှု အတည်ဖြစ်သွားပြီ ဖြစ်သော်လည်း ဘဏ္ဍာရေးဆိုင်ရာ အငြင်းပွားမှုများမှာ ဆက်လက်ကျန်ရှိနေဆဲဖြစ်သည်။ WHO ၏ လုပ်ထုံးလုပ်နည်းများအရ နုတ်ထွက်မည့် အဖွဲ့ဝင်နိုင်ငံများသည် ပေးဆောင်ရန်ကျန်ရှိနေသော ကြွေးမြီများနှင့် ဘဏ္ဍာရေးဆိုင်ရာ တာဝန်ဝတ္တရားများကို အကျေအလည် ဖြေရှင်းရမည်ဖြစ်သည်။
သတင်းထုတ်ပြန်ချက်များအရ အမေရိကန်သည် ၂၀၂၄-၂၀၂၅ ကာလအတွက် အမေရိကန်ဒေါ်လာ ၂၇၈ သန်းခန့် ပေးဆောင်ရန် ကျန်ရှိနေကြောင်း သိရသည်။ သို့သော်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ နုတ်ထွက်ခြင်းမပြုမီ အဆိုပါ အကြွေးမြီများကို ပေးဆပ်ရန် အစီအစဉ်မရှိကြောင်း အရိပ်အမြွက် ပြောကြားထားသည်။
အမေရိကန်၏ နုတ်ထွက်မှုကြောင့် ရေရှည်ဆိုးကျိုးများ ရှိလာနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။ တရုတ်လူမှုသိပ္ပံအကယ်ဒမီမှ သုတေသီ လုရှန်း (Lü Xiang) က အမေရိကန်သည် အချက်အလက်ဆိုင်ရာ အဆက်အသွယ်ပြတ်တောက်သွားသည့် “Information Silo” အခြေအနေသို့ ရောက်ရှိသွားနိုင်ပြီး နောင်တွင် ဖြစ်ပွားလာမည့် ကပ်ရောဂါများကို ကာကွယ်ရန် သို့မဟုတ် ဒေတာအချက်အလက် မျှဝေရန် ခက်ခဲသွားလိမ့်မည်ဟု Global Times သို့ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော့ကျားခွန်းကလည်း နိုင်ငံတကာ အုပ်ချုပ်ရေးကဏ္ဍတွင် WHO ၏ အခန်းကဏ္ဍကို “အားနည်းအောင် လုပ်ဆောင်မည့်အစား အားကောင်းအောင် လုပ်ဆောင်သင့်သည်” ဟု ပြောကြားကာ WHO အပေါ် ထောက်ခံမှုကို ထပ်လောင်းအတည်ပြုခဲ့သည်။ အမေရိကန်သည် WHO တွင် ရန်ပုံငွေ အများဆုံး ထည့်ဝင်သည့် နိုင်ငံဖြစ်ခဲ့ရာ ယခုနုတ်ထွက်မှုသည် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး သံတမန်ရေးရာတွင် သိသာထင်ရှားသည့် အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့သည်။
အမေရိကန်သည် WHO ၏ စုစုပေါင်း ဘတ်ဂျက်၏ ၁၅ ရာခိုင်နှုန်းခန့်ကို ထည့်ဝင်နေသည့် နိုင်ငံဖြစ်ရာ ၎င်း၏ နုတ်ထွက်မှုသည် ပိုလီယို ကာကွယ်ဆေး ထိုးနှံခြင်းနှင့် အခြား ကူးစက်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ကြီးမားစွာ ထိခိုက်စေနိုင်သည်။ ထို့အပြင် အမေရိကန်ပြည်တွင်း၌လည်း ဒီမိုကရက်တစ်ပါတီဝင်များနှင့် ကျန်းမာရေးအဖွဲ့အစည်းများက ယခု ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြပြီး အစိုးရအပြောင်းအလဲဖြစ်ပါက WHO သို့ ပြန်လည်ဝင်ရောက်ရန် ဖိအားပေးမှုများ ရှိနေနိုင်သည်။
အထက်ပါအချက်များအပြင် အမေရိကန် နုတ်ထွက်သွားခြင်းကြောင့် WHO အတွင်း တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှု ပိုမိုကြီးထွားလာမည်ကို နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများက စိုးရိမ်လျက်ရှိကြသည်။
Ref: Khmer Times, Global Times & WHO
