◾️ နှစ်ပတ်ကျော်ကြာ တည်ငြိမ်နေသော စက်သုံးဆီဈေးနှုန်း ယနေ့တွင် ဒီဇယ် တစ်လီတာ ကျပ် ၁၂၀ ဝန်းကျင်မြင့်တက်လာ
၂၃. ၁. ၂၀၂၆
Written by Nyein Kyaw
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်း ထပ်မံရောင်းချပေးမည်ဖြစ်၍ ယခုဘဏ္ဍာနှစ် ဆယ်လခန့်တွင် ဒေါ်လာ ၁ ဒသမ ၁၂ ဘီလျံကျော် ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် ၉၃ သန်း၊ မေလတွင် ဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇွန်လတွင် ဒေါ်လာ ၁၂၅ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၅၃ သန်း၊ ဩဂုတ်လတွင် ဒေါ်လာ ၁၂၆ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၉၉ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာ ၁၂၂ သန်း၊ နိုဝင်ဘာလတွင် ဒေါ်လာ ၁၁၅ သန်းနှင့် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၃၆ သန်း ထုတ်ရောင်းပေးထားသည်။

ယခု ထပ်မံထုတ်ရောင်းမှုအပါအဝင် ယခု ဇန်နဝါရီလအတွင်း သုံးကြိမ်ရောင်းချပေးမှု ဒေါ်လာ ၇၂ သန်းရှိသည့်အတွက် ယခုဘဏ္ဍာနှစ် ဆယ်လခန့်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ ဒေါ်လာ ၁,၁၂၇ သန်း (၁ ဒသမ ၁၂၇ ဘီလျံ)နှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းစက်သုံးဆီဈေးကွက်၌ စက်သုံးဆီဈေးနှုန်းများသည် ပြီးခဲ့သည့် ဒီဇင်ဘာလ အလယ်နှင့်လကုန်ပိုင်းတွင် ဈေးနှုန်းကျဆင်းခဲ့သလို ယခုဇန်နဝါရီလဆန်းတွင်လည်း အနည်းငယ်ထပ်မံကျဆင်းခဲ့သည့်အပြင် ယင်းဈေးနှုန်းဖြင့်သာ ဆက်လက်တည်ငြိမ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၃၂၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၃၆၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂,၂၈၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂,၅၉၅ ကျပ်သို့ မြင့်တက်ခဲ့ပြီး အထူးသဖြင့် ဒီဇယ်ဈေးနှုန်းတစ်လီတာ ၈၅ ကျပ်မှ ကျပ် ၁၂၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့သည်။
