သက်တံ့
၂၃. ၁. ၂၀၂၆
ထိုင်းဘုရင့်တပ်မတော်နှင့် အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်တို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၄၅) ကြိမ်မြောက် Cobra Gold စစ်ရေးလေ့ကျင့်မှုကို လာမည့် ဖေဖော်ဝါရီ ၂၄ ရက်မှ မတ်လ ၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် အရှေ့တောင်အာရှတွင် သက်တမ်းအရှည်ကြာဆုံးနှင့် အရေးပါဆုံးသော နိုင်ငံစုံစစ်ရေးလေ့ကျင့်မှုတစ်ခုဖြစ်ပြီး ယခုနှစ်တွင် နိုင်ငံပေါင်း ၃၀ မှ စစ်သည်အင်အား ၈,၀၀၀ ကျော် ပါဝင်တက်ရောက်မည်ဟု မျှော်မှန်းထားသည်။
ယခု ၂၀၂၆ ခုနှစ် စစ်ရေးလေ့ကျင့်မှုကို စစ်ရေးလေ့ကျင့်မှု အရှိန်မြှင့်သည့်နှစ် “Heavy Year” အဖြစ် သတ်မှတ်ထားပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၏ နယ်ပယ်နှင့် ရှုပ်ထွေးနက်နဲမှုများကို ယခင်ထက် ပိုမိုတိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်သည်။
ပင်မပါဝင်မည့် နိုင်ငံ (၇) နိုင်ငံဖြစ်သော ထိုင်း၊ အမေရိကန်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယားနှင့် မလေးရှား တို့သည် အဓိက စစ်ဆင်ရေးအဖွဲ့များအဖြစ် ပါဝင်မည်ဖြစ်သည်။
တရုတ်၊ အိန္ဒိယနှင့် ဩစတြေးလျနိုင်ငံတို့သည် သတ်မှတ်ထားသော ကဏ္ဍအလိုက် လေ့ကျင့်မှုများတွင် ပါဝင်မည်ဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ်တွင် ဆက်လက်ပါဝင်မည်ဖြစ်သည်။
ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့သည် လေ့လာသူအဖြစ် တက်ရောက်မည်ဖြစ်သော်လည်း ကမ္ဘောဒီးယားနိုင်ငံမှာမူ ယခုနှစ်တွင် ပါဝင်ခြင်းမရှိပေ။
နိုင်ငံစုံစစ်ဆင်ရေးဆိုင်ရာ စီမံကိန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ (MPAT) တွင် ဘင်္ဂလားဒေ့ရှ်၊ ကနေဒါ၊ ဖီဂျီ၊ ပြင်သစ်၊ ဗြိတိန်၊ အီတလီ၊ မွန်ဂိုလီးယား၊ နီပေါ၊ နယူးဇီလန်နှင့် ဖိလစ်ပိုင် အစရှိသည့် ၁၀ နိုင်ငံက ပါဝင်ကူညီမည်ဖြစ်သည်။
ထို့အပြင် ဘရူနိုင်း၊ ဂျာမနီ၊ ဂျော်ဒန်၊ လာအို၊ နယ်သာလန်၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ ဆွီဒင်၊ တီမောလက်စတေနှင့် ဗီယက်နမ် အစရှိသည့် ၁၀ နိုင်ငံသည်လည်း ပူးတွဲလေ့လာရေးအဖွဲ့ (COLT) အဖြစ် တက်ရောက်မည်ဖြစ်သည်။
ယခုစစ်ရေးလေ့ကျင့်မှု၏ အဓိကရည်ရွယ်ချက်မှာ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးများ ခိုင်မာစေရန်၊ တပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် ပြောင်းလဲလာသော ကမ္ဘာ့လုံခြုံရေး အခြေအနေများနှင့်အညီ ပူးတွဲစစ်ဆင်ရေးစွမ်းရည်များကို တိုးမြှင့်ရန်ဖြစ်ကြောင်း သိရသည်။
Ref: Bangkok Post
