သတိုး
၂၃. ၁. ၂၀၂၆
(၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်အထိ ၃၃ ရက်တိုင်တိုင် အောင်မြင်စွာကျင်းပဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်သည်။
(၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်မှ သက်တော် (၅၁) နှစ် သိက္ခာ (၃၁) ဝါရှိ အရှင်ဝိစိတ္တသာရသည် တိပိဋကဓရ တိပိဋကကောဝိဒ ၁၈ ပါးမြောက် သာသနာ့အာဇာနည်ဆရာတော်အဖြစ် ပေါ်ထွန်းတော်မူခဲ့သည်။

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၁၃၁၀ ပြည့်နှစ် (၁၉၄၈ ခုနှစ်)တွင် စတင်ကျင်းပခဲ့ရာ ယခုအချိန်အထိ (၇၈) ကြိမ်မြောက် ကျင်းပခဲ့ပြီးဖြစ်သည်။ ပထမအကြိမ်မှ (၇၇)ကြိမ် အထိ တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် ၁၇ ပါး ပေါ်ထွန်းခဲ့ ပြီး (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးတွင် ၁၇ ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်ပေါ်ထွန်းခဲ့ပြီးနောက် နှစ်မခြားဘဲ ယခုနှစ် ၁၃၈၇ ခုနှစ် (၂၀၂၆ ခုနှစ်) (၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် ၁၈ ပါးမြောက်အဖြစ် တိပိဋကဓရတိပိဋကကောဝိဒ ဆရာတော် တစ်ပါး ထပ်မံပေါ်ထွန်းလာခဲ့ခြင်း ဖြစ်သည်။
တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးတွင် ဝိနယပိဋက ဝိနည်းပထမပိုင်း နှစ်ကျမ်း၊ ဝိနယပိဋက ဝိနည်း ဒုတိယပိုင်း သုံးကျမ်း၊ သုတ္တန္တပိဋက ဒီဃနိကာယ်သုံးကျမ်း၊ အဘိဓမ္မပိဋက အဘိဓမ္မာပထမပိုင်းငါးကျမ်းနှင့် အဘိဓမ္မပိဋက အဘိဓမ္မာဒုတိယပိုင်း နှစ်ကျမ်းတို့ကို “တိပိဋကဓရ” ဘွဲ့အတွက် အာဂုံပြန်ဆိုရပြီး “တိပိဋကကောဝိဒ”ဘွဲ့အတွက် သဘောရေးဖြေ စာမေးပွဲဖြေဆိုရကြောင်း သိရသည်။
◾ ၁၈ ပါးမြောက်ဆရာတော်၏ ဖွားရာဇာတိနှင့် ဖွားသက္ကရာဇ်
အရှင်ဝိစိတ္တသာရသည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ဝန်းရံကျေးရွာ ခမည်းတော် ဦးဌေး+ မယ်တော် ဒေါ်ကြင်နီတို့မှ ၁၃၃၆ ခုနှစ် ကဆုန်လပြည့်ကျော် ၁၀ ရက် ဗုဒ္ဓဟူး နေ့တွင် ဖွားမြင်သော သားရတနာဖြစ်သည်။
◾ ဥပသမ္ပဒမင်္ဂလာ (ရဟန်းဖြစ်တော်စဥ်)
အရှင်ဝိစိတ္တသာရသည် ၁၃၅၆ ခုနှစ် တန်ဆောင်မုန်းလဆန်း ၈ ရက်နေ့တွင် ရေဦးမြို့နယ် တင်းတိန်ရံဈေး ဓမ္မိကာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေသရိန္ဒာဘိဝံသကို ဥပဇ္ဈာယ်ပြုလျက် ဦးဌေးသောင်+ဒေါ်တင်စုမိသားစုတို့၏ ပစ္စယာနုဂ္ဂဟ ကို ခံယူကာ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပြီး ကျေးဇူးရှင်မိဘနှစ်ပါးမိသားစုအပါအဝင် ရဟန်းဒါယကာ၊ ဒါယိကာမများစွာတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ သိက္ခာထပ်မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။
◾ ကျေးဇူးရှင်ဆရာတော်ကြီးများ
အရှင်ဝိစိတ္တသာရ၏ ကျေးဇူးရှင်ဆရာတော်ကြီးများမှာ ဒီပဲယင်းမြို့နယ်၊ ဝန်းရံကျောင်း ငယ်ဆရာတော် ဘဒ္ဒန္တဇောတိက၊ အနန္တဂုဏ်ရည် ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာ၊ တောင်ငူမြို့ ဝိသုဒ္ဓါရုံ မြို့ထောင့်ကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တမဝံသနှင့် စာချဆရာတော်များ၊ မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံ တိုက်သစ် စည်ရှင်မဟာနာယကဆရာတော် ဘဒ္ဒန္တ ဩမာဝီရာဘိဝံသ၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယကစည်ရှင်ဆရာတော် ဘဒ္ဒန္တအဂ္ဂဉာနာ ဘိဝံသနှင့်စာချဆရာတော်များ၊ မန္တလေးမြို့ ဓမ္မမာနိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမာနိတာဘိဝံသ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် အတုလဂုဏ်ရည်ကျောင်း ဆရာတော် ဘဒ္ဒန္တဩဒါတသိရီဘိဝံသ၊ နောင်ချိုမြို့ ကတီပင်ကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တမ၊ ရွှေပြည်သာမြို့နယ် သာဓုကန်ကျောင်းဆရာတော် ဘဒ္ဒန္တတေဇိန္ဒ၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မဝိနယရံသီကျောင်းဆရာတော် ဘဒ္ဒန္တပညိန္ဒာ ဘိဝံသ၊ ရန်ကုန်မြို့ တိပိဋကမဟာဂန္ထဝင်နိကာယ် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ နှင့် ပိဋကနှစ်ပုံခွဲဆောင် ဘဒ္ဒန္တဩဘာသာဘိဝံသ တို့ဖြစ်သည်။

◾ အမြင့်ဆုံးအောင်မြင်ခဲ့သော စာမေးပွဲများ
အရှင်ဝိစိတ္တသာရသည် သာသနဓဇဓမ္မာစရိယဘွဲ့၊ ဝိနယဝိဒူဘွဲ့၊ ဒီဃနိကာယဝိဒူဘွဲ့၊ မဇ္ဈိမနိကာယဝိဒူဘွဲ့၊ အဘိဓမ္မ ဝိဒူဘွဲ့ (၁)၊ အဘိဓမ္မ ဝိဒူဘွဲ့(၂)၊ နိကာယဝုဓိသမိတိဝိနယကောဝိဒဘွဲ့၊ နိကာယုဇ္ဇောတက ဓမ္မတ္ထဝိသာရဒ ဒီဃဘာဏကဘွဲ့၊ နိကာယုဇ္ဇောတက ဒီဃနိကာယ ဓမ္မာစရိယဘွဲ့၊ နိကာယုဇ္ဇောတကအတ္ထဝိသာရဒ မူလအာဘိဓမ္မိကဘွဲ့၊ နိကာယုဇ္ဇောတက မဇ္ဈိမဘာဂ ဓမ္မာစရိယဘွဲ့၊ နိကာယုဇ္ဇောတက မဇ္ဈိမအာဘိဓမ္မိက ဘာဏကဘွဲ့တို့ကို ရရှိခဲ့ပြီး တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲတွင် ၁၃၆၃ ခုနှစ် ဥဘတောဝိဘင်္ဂဓရဘွဲ့၊ ၁၃၆၅ ခုနှစ် ဝိနယဓရဘွဲ့၊ ၁၃၆၇ ခုနှစ် ဥဘတော ဝိဘင်္ဂကောဝိဒဘွဲ့၊ ၁၃၆၈ ခုနှစ် ဝိနယကောဝိဒဘွဲ့၊ ၁၃၆၉ ခုနှစ် ဒီဃဘာဏကဘွဲ့၊ ၁၃၇၁ ခုနှစ် ဒီဃနိကာယကောဝိဒဘွဲ့၊ ၁၃၇၂ ခုနှစ် မူလအာဘိဓမ္မိက ဘွဲ့၊ ၁၃၇၄ ခုနှစ် မူလအဘိဓမ္မကောဝိဒဘွဲ့၊ ၁၃၇၆ ခုနှစ် အာဘိဓမ္မိကဘွဲ့၊ တိပိဋကဓရဘွဲ့တို့ ဆွတ်ခူးခဲ့သည်။
◾ အဘိဓမ္မကောဝိဒဘွဲ့တံဆိပ်တော်
ထို့အပြင် အရှင်ဝိစိတ္တသာရသည် ယခုနှစ်(၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋ ကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးတွင် အဘိဓမ္မ ပိဋက၊ အဘိဓမ္မာ (ဒုတိယပိုင်း)နှစ်ကျမ်း သဘော ရေးဖြေကို ဖြေဆိုအောင်မြင်တော်မူသောကြောင့် အဘိဓမ္မကောဝိဒဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ခံယူရရှိတော်မူမည်ဖြစ်သည်။

◾ တိပိဋကဓရ၊ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်
ယခုအခါ အရှင်ဝိစိတ္တသာရသည် သင်ရိုးပိဋက သုံးပုံကို အာဂုံပြန်ဆိုနှင့် သဘောရေးဖြေပါ အောင်မြင်တော်မူပြီးဖြစ်သဖြင့် တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်၊ အောင်လက်မှတ်တော်၊ အရိုးဝါကနက္ကဒဏ်ထီးဖြူတော် သုံးလက် တံဆိပ်ပါရှိသော သာသနာ့အောင်လံတော်များနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်က ဆက်ကပ် လှူဒါန်းသော ကုန်း၊ ရေ၊ လေ၊ သုံးဌာနအခမဲ့ အထက်တန်းခရီးသွားလက်မှတ် (ရာသက်ပန်) တပည့်နှစ်ဦးအပါအဝင် ဆွမ်းဆန်တော်စသည်တို့ကို အလှူခံရရှိတော်မူမည် ဖြစ်သည်။

