




သက်တံ့
၂၂. ၁. ၂၀၂၆
ပြင်ဦးလွင်မြို့မှ စာပန်းအိမ်အမျိုးသားဘော်ဒါဆောင် ယနေ့ မွန်းလွဲပိုင်းက ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း ကျောင်းသားများ ထိခိုက်မှုမရှိကြောင်းနှင့် စိုးရိမ်စရာမရှိကြောင်း စာပန်းအိမ်က အသိပေးထုတ်ပြန်သည်။
မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနနှင့် ပြင်ဦးလွင်မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့ ဇန်နဝါရီ ၂၂ ရက် ၁ နာရီ မိနစ် ၂၀ အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ ပြည်သာယာလမ်းနှင့် ရတနာလမ်းကြား၊ စာပန်းအိမ် ဘော်ဒါဆောင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁ နာရီ ၃၈ မိနစ် အချိန် မီးငြိမ်းခဲ့သည်ဟု အသိပေးထုတ်ပြန်ထားသည်။
ထိုသို့ မီးလောင်ကျွမ်းမှုများပြားသော်လည်း မွန်းလွဲပိုင်းအချိန်ဖြစ်၍ ကလေးငယ်များ ကျောင်းသွားနေသဖြင့် လူထိခိုက်မှုမရှိခဲ့ကြောင်းလည်း သိရသည်။
စာပန်းအိမ်၏ ထုတ်ပြန်ချက်တွင်လည်း “(၂၂.၁.၂၀၂၆) တွင် စာပန်းအိမ်၏ G-12 ကျောင်းသား ၃၇ ယောက်နေထိုင်သော “ဗန်ဒါဆောင်” တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ အဆောင်နေကျောင်းသားများအားလုံးသည် စာမေးပွဲဖြေဆိုချိန်ကာလဖြစ်သဖြင့် ကျောင်းစာသင်ခန်းများတွင် ရှိနေသောကြောင့် မီးလောင်မှုမှ ထိခိုက်ဒဏ်ရာရမှုများ လုံးဝမရှိခဲ့ပါ။ မီးလောင်မှုကိုလည်း အချိန်တိုအတွင်း ငြိမ်းသတ်နိုင်ခဲ့ပြီလည်း ဖြစ်ပါသည်။ ထိုအဆောင်ရှိ ကျောင်းသားများအားလုံးကိုလည်း အဆောင်နေရာအသစ်တစ်ခုကို အဆင်သင့်ပြင်ဆင်ထားပြီးပြီလည်း ဖြစ်ပါသဖြင့် ကျောင်းသားမိဘများအားလုံး စိုးရိမ်ကြောင့်ကြမှု မဖြစ်စေရန် အသိပေးတင်ပြအပ်ပါသည်။”ဟု ဖော်ပြထားသည်။
