◾️ ယခု ဇန်နဝါရီ ၉ ရက်မှ ၂၂ ရက်အထိ အဆိုပါဒေသအတွင်း မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာ ၁၃ ခုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ပြုလုပ်သည့်နေရာ နှစ်ခုတို့ကို ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့





၂၂. ၁. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို နိုင်ငံအတွင်းရှိ ရနိုင်သမျှသော စွမ်းအားစု၊ အရင်းအမြစ်များ အသုံးပြုပြီး ပြည်သူလူထုနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည့် သတင်းများကို ဇန်နဝါရီ ၁၁ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် အသီးသီးထုတ်ပြန်ခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များသည် အဆိုပါ ဒေသများအတွင်း မူးယစ်ဆေးဝါးချက်လုပ်နေမှုများအား အမြစ်ပြတ်ရှင်းလင်းနိုင်ရေးအတွက် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများနှင့်အတူ လိုအပ်သည့် လေကြောင်းကင်းထောက်ခြင်းနှင့် မြေပြင်သတင်း ဖော်ထုတ်ခြင်းများပြုလုပ်၍ နယ်မြေရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
ယင်းကဲ့သို ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက် နေ့တွင် သိမ်းဆည်းရမိခဲ့သည့်နေရာ၏ အနောက်မြောက်ဘက် ၂ ကီလိုမီတာခန့်အကွာ စိန်ကြော့ကျေးရွာ၏ အနောက်တောင်ဘက် ၁၀ ကီလိုမီတာခန့်အကွာတွင် ဇန်နဝါရီ ၁၈ ရက် ညနေ ၄ နာရီခန့်တွင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အဆောက်အအုံများနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဇန်နဝါရီ ၁၈ ရက် ညနေ ၅ နာရီခန့်တွင် မန်ဖြတ်ကျေးရွာ၏ အနောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် သိမ်းဆည်းရမိခဲ့သည့် နေရာ၏ အနောက်တောင်ဘက် ၇ ကီလိုမီတာခန့်အကွာ၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် လူနေတဲများ၊ ဂိုဒေါင်များ၊ မီးစက်ကြီးများ၊ ပလပ်စတစ်ပေပါအပြာအခွံများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်တဲများအပါအဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၌ အသုံးပြုသည့် အခြားဆက်စပ်ပစ္စည်းများအား ထပ်မံဖမ်းဆီးရမိခဲ့သည်။






ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီခန့်တွင် မိုင်းရယ်မြို့၏ အနောက်တောင်ဘက် ၁၀ ကီလိုမီတာခန့်အကွာ၊ ဇန်နဝါရီ ၁၆ ရက်တွင် သိမ်းဆည်းရမိခဲ့သည့်နေရာ၏ အရှေ့မြောက်ဘက် ၉ ကီလိုမီတာခန့်အကွာ၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်တဲများ၊ ဂိုဒေါင်များ၊ ဆေးပြားရိုက်စက်ရာချီ၊ ၆ ဘီးကား ၂ စီးနှင့် ညနေ ၃ နာရီခန့်တွင် မန်ဖြတ်ကျေးရွာ၏ အနောက်တောင်ဘက် ၁၈ ကီလိုမီတာခန့်အကွာ ဇန်နဝါရီ ၁၈ ရက်နေ့တွင် သိမ်းဆည်းရမိခဲ့သည့်နေရာ၏ အရှေ့တောင်ဘက် ၄ ကီလိုမီတာခန့်အကွာ၌ မူးယစ်ဆေးဝါးချက်လုပ်ချိန် အသုံးပြုသည့် အလျား ၂၅ ပေ အနံ ၁၅ ပေရှိ မိုးကာလူနေတဲ၊ အလျား ၂၀ ပေ အနံ ၁၀ ပေရှိ မိုးကာစားချက်ဆောင်၊ ဘတ်ဟိုးယာဉ် ၁ စီးနှင့် ဆက်စပ်ပစ္စည်းများတို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီခန့်တွင် အဆိုပါနေရာ၏ အနောက်တောင်ဘက် ၈ ကီလိုမီတာခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ပြုလုပ်သည့်ဟု ယူဆရသော အလျား ၁၈၀ ပေ အနံ ၅၀ ပေ အမြင့် ၂၂ ပေရှိ သွပ်မိုးနှစ်ထပ် အဆောက်အအုံ ၂ လုံး၊ အလျား ၁၂၀ ပေ အနံ ၆၀ ပေ အမြင့် ၂၂ ပေရှိ ဆောက်လုပ်ဆဲ နှစ်ထပ်အဆောက်အအုံ ၁ လုံး၊ အလျား ၂၀၀ ပေ အနံ ၂၀ ပေ အမြင့် ၁၂ ပေရှိ သံဖရိန်သားကာ အဆောက်အုံ ၁ လုံးတို့အားလည်းကောင်း ထပ်မံဖော်ထုတ် တွေ့ရှိသိမ်းဆည်းနိုင်ခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၂ ရက် ယနေ့ နံနက်ပိုင်းတွင် နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ မန်ဖြတ်ကျေးရွာ၏ အနောက်မြောက်ဘက် ၁၈ ကီလိုမီတာခန့်အကွာ၊ ဇန်နဝါရီ ၁၆ ရက်နေ့တွင် သိမ်းဆည်းရမိခဲ့သည့် နေရာ၏ အနောက်တောင်ဘက် ၄ ကီလိုမီတာခန့်အကွာသို့ အရောက်၌ SSA အဖွဲ့များနေထိုင်သည့် အလျား ၄၀ ပေ အနံ ၂၀ ပေရှိ သွပ်မိုးအုတ်ကာ လူနေအဆောက်အအုံ ၁ လုံး၊ အလျား ၄၀ အနံ ၂၅ ပေရှိ သွပ်မိုးအုတ်ကာ စားချက်ဆောင် ၁ လုံး၊ အလျား ၂၀ ပေ အနံ ၂၀ ပေရှိ သွပ်မိုးဝါးကာ လူနေတဲ ၁ လုံး၊ အလျား ၂၀ ပေ အနံ ၁၅ ပေရှိ သွပ်မိုးအုတ်ကာ လူနေတဲ ၁ လုံး၊ အလျား ၁၀ ပေ အနံ ၁၀ ပေရှိ သွပ်မိုးအုတ်ကာလူနေတဲ ၁ လုံး၊ အလျား ၂၀ ပေ အနံ ၂၀ ပေရှိ သွပ်မိုးအုတ်ကာ လူနေတဲ ၁ လုံး၊ အလျား ၁၀ ပေ အနံ ၁၀ ပေရှိ သွပ်မိုးထရံကာ လူနေတဲ ၁ လုံး၊ မြေစိုက်သစ်လုံးဘန်ကာ ၂ လုံး၊ အကျယ် ၃ ပေ အနက် ၃ ပေ ၊ အရှည် ၃၀၀ ပေရှိ ဆက်သွယ်ရေးမြောင်း ၊ ထရံမိုး ၂ ယောက်အိပ်တဲ ၂ လုံး၊ ထရံမိုး ၅ ယောက်အိပ်တဲ ၁ လုံး၊ အလျား ၂၄ ပေ အနံ ၁၂ ပေရှိ သွပ်မိုးအုတ်ကာအဆောက်အုံ ၁ လုံး၊ အလျား ၁၅ ပေ အနံ ၁၂ ပေရှိ သွပ်မိုးအုတ်ကာအဆောက်အအုံ ၁ လုံး၊ အလျား ၂၄ ပေ အနံ ၂၄ ပေရှိ သွပ်မိုးပျဉ်ကာ ၂ ထပ် အဆောက်အအုံ ၁ လုံး၊ အလျား ၃၀ ပေ အနံ ၂၀ ပေရှိ သွပ်မိုးအုတ်ကာ အဆောက်အအုံ ၁ လုံး၊ အလျား ၂၀ ပေ အနံ ၂၀ ပေရှိ သွပ်မိုးအုတ်ကာ အဆောက်အအုံ ၁ လုံး၊ အလျား ၂၄ ပေ အနံ ၁၅ ပေရှိ သွပ်မိုးအုတ် (ကားဂိုဒေါင်ပါ) အဆောက်အအုံ ၁ လုံး၊ အလျား ၁၂ ပေ အနံ ၈ ပေရှိ သွပ်မိုးအုတ်ကာ (ရေချိုးခန်း) အဆောက်အအုံ ၁ လုံး အလျား ၁၀ ပေ အနံ ၅ ပေရှိ သွပ်မိုးအုတ်ကာ (၂ လုံးတွဲအိမ်သာ) အဆောက်အအုံ ၁ လုံး၊ အလျား ၆ ပေ အနံ ၆ ပေရှိ သွပ်မိုးအုတ်ကာ ကင်းစောင့်တဲ ၁ လုံးတို့ဖြင့် အခိုင်အမာတည်ဆောက်လျက် မူးယစ်ဆေးဝါးများ ထုတ်လုပ်မှုအား အနီးကပ်လုံခြုံရေးပေးခဲ့သည်ဟု ယူဆရသည့် SSA လက်နက်ကိုင် အဖွဲ့အစည်းအင်အားစုအချို့ နေထိုင်ခဲ့သည့် စခန်းကြီးတစ်ခုအား ပစ်ခတ်ခုခံမှုမရှိဘဲ ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ် နှင့် မိုင်းရယ်မြို့နယ်တို့အတွင်း အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို အဖွဲ့စုံပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ကြောင်းများခွဲ၍ ဖော်ထုတ်ရှင်းလင်းခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်နေ့မှ ဇန်နဝါရီ ၂၂ ရက်နေ့အထိ အဆိုပါဒေသအတွင်း မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာ ၁၃ နေရာနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ပြုလုပ်သည့်နေရာဟု ယူဆရသည့်နေရာ ၂ နေရာတို့ကို ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ ရှင်းလင်းနိုင်ခဲ့သည့်အတွက် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်း အမြောက်အများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့ပြီး အဆိုပါ မူးယစ် ဆေးဝါးချက်လုပ်သည့် နေရာများအနီး တစ်ဝိုက်တွင် SSA အဖွဲ့၏ ကာကင်းစခန်း ၁ ခုနှင့် အခိုင်အမာတည်ဆောက်ထားသည့် စခန်းနေရာ ၁ ခုတို့ကို တွေ့ရှိသိမ်းဆည်းနိုင်ခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများကို ပူးပေါင်းအဖွဲ့ဖြင့် အသေးစိတ်ဆက်လက်စစ်ဆေး၍ သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံခြင်း၊ စနစ်တကျမီးရှို့ ဖောက်ခွဲဖျက်ဆီးခြင်းများ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါး ဖြစ်စဉ်များတွင် အဓိကပါဝင်ပတ်သက်လျက်ရှိသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
