
၂၂ .၁. ၂၀၂၆
Written by Thiri
အမျိုးသားတစ်ဦး အရက်ကြောင် ကြောင်ကာ နေအိမ်မှာ အိမ်သားတွေမရှိခိုက် မိမိကိုယ်ကိုယ် ဓားနဲ့ လှီးဖြတ် ထိုးသွင်းပြီး ကြိုးဆွဲချခဲ့တဲ့ဖြစ်စဉ် မိတ္ထီလာမြို့မှာ မနေ့က ဇန်နဝါရီ၂၁ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေသိရပါတယ် ။
ဖြစ်စဉ်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ သာယာကုန်း (၂) ရပ်ကွက်မှာ ဇန်နဝါရီလ ၂၁ ရက်နေ့ မနက် ၉ နာရီကျော်အချိန်က ဖြစ်ပွားခဲ့ပြီး အမျိုးသား တစ်ဦး မိမိကိုယ်မိမိ ဓားနဲ့ထိုးပြီး ကြိုးဆွဲချသေဆုံးကြောင်း နန်းတော်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးက ရဲတပ်ဖွဲ့ထံလာရောက် အကြောင်းကြားတာကြောင့် တာဝန်ရှိသူတွေက သွားရောက် ကြည့်ရှု့စစ်ဆေးရာ သေဆုံးသူမှာ ကိုသန်းထွန်းနိုင် အသက် ၄၀ နှစ်ဆိုသူဖြစ်ပြီး ၎င်းနေထိုင်တဲ့နေအိမ် (ထရံကာ၊ သွပ်မိုး၊ မြေစိုက် နေအိမ်)အတွင်း တံခါးပေါက် ထုပ်တန်းမှာ နိုင်လွန်ကြိုးအဖြူရောင်(အရှည် ၁၀ ပေ၊ ၅ မူးလုံး) ကြိုးကို အသုံးပြုကာ ကြိုးဆွဲချလျက်သား အတူနေ အစ်ကို အရင်းဖြစ်သူ ကိုသန့်ဇင်ဦး (၄၂)နှစ်က တွေ့ရှိပြီး အသက်ရှိသေးတယ်ထင်ကာ မြေပေါ်ကို ဖြုတ်ချထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် သေဆုံးသူ ကိုသန်းထွန်းနိုင်ရဲ့ လည်ဇလုပ်နေရာမှာ ထိုးသွင်း ဒဏ်ရာ၊ ဝဲလက်ကောက်ဝတ်မှာ ပြတ်ရှဒဏ်ရာတွေ တွေ့ရှိရတာကြောင့် ရှာဖွေရာ ၎င်းရဲ့အိပ်ယာဘေးမှ ၎င်းတို့နေအိမ်သုံး မီးဖိုချောင်သုံး စတီးဓားအသေး(၁)ချောင်း၊ ကတ်ကြေး(၁)လက် တို့ကို သွေးတွေ ပေကျံလျက်တွေ့ရှိခဲ့ရတာကြောင့် အစ်ကိုဖြစ်သူ ကိုသန့်ဇင်ဦးအား မေးမြန်းရာ ကိုသန်းထွန်းနိုင်ဟာ လွန်ခဲ့တဲ့ (၁၀)နှစ်ကစပြီး နေ့စဉ်အရက်သေစာသောက်စားတတ်ကြောင်း၊ လွန်ခဲ့တဲ့ (၁)လခန့်ကစပြီး အရက် တုံးတိဖြတ်လိုက်တာကြောင့် စိတ်မူမမှန်တော့ဘဲ အရက်ကြောင် ကြောင်နေကြောင်း တာဝန်ရှိသူတွေက အကြမ်းဖျင်းယူဆခဲ့ကြတယ်လို့ သိရပါတယ်။
ရုပ်အလောင်းကို မှုခင်းဆေးစာနဲ့ မိတ္ထီလာပြည်သူ့ ဆေးရုံကြီးဆီ ပို့ဆောင်ထားရှိပြီး ဆေးရုံက PR No. 5/2026 နဲ့ လက်ခံကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ရင်ခွဲစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
