


၂၂.၁.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၂၉) ရပ်ကွက်၊ မြမဥ္ဇူလမ်းတွင် ယနေ့ ဇန်နဝါရီလ ၂၂ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်က လောင်ကျွမ်းခဲ့သော နေအိမ်မီးလောင်မှုမှာ လူမရှိဘဲ လျှပ်စစ်ဒယ်နီအိုးဖြင့် ဟင်းချက်ထားခဲ့ရာမှ အပူလွန်ကဲ၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
မီးလောင်မှုမှာ သွပ်မိုး၍ အုတ်ညှပ်ကာ ပျဥ်ခင်းထားသော နှစ်ထပ်နေအိမ်တွင် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် နေအိမ်အပေါ်ထပ်၊ အတွင်းပစ္စည်းနှင့် ပိတ်စဖြတ်စများ မီးလောင်ခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
မိနစ် ၂၀ ခန့်ကြာအောင် လောင်ကျွမ်းခဲ့သော မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၀ စီး၊ ရေသယ်ယာဥ် ၄ စီးနှင့် သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၅၄ မိနစ်တွင် မီးငြိမ်းခဲ့သည်။
မီးလောင်မှုကြောင့် အသက် ၈၅ နှစ်အရွယ် အဘိုးအိုကို ရာဇသတ်ကြီး ဥပဒေပုဒ်မ (၂၈၅) ဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။
