သက်တံ့
၂၂. ၁. ၂၀၂၆
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံသည် မြန်မာ့အရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (၅) ရပ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းသည့်အနေဖြင့် တပ်မတော်အစိုးရအုပ်ချုပ်နေသော မြန်မာနိုင်ငံမှ နိုင်ငံရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ခေါ်ကာ Stakeholders’ Meeting (ဘက်ပေါင်းစုံပါဝင်သော ညှိနှိုင်းဆွေးနွေးပွဲ)တစ်ရပ်ကို လက်ခံကျင်းပခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ယနေ့ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝန်ကြီး မာရီယာ သရီဆာ လာဇာရို (Ma. Theresa Lazaro) က အဆိုပါအစည်းအဝေးကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင် ကျင်းပခဲ့သည် သို့မဟုတ် မည်သည့်အဖွဲ့အစည်းများ တက်ရောက်ခဲ့သည်ကိုမူ အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
“အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ဖို့အတွက် သက်ဆိုင်သူတွေအကြား တက်ကြွပြီး အပြုသဘောဆောင်တဲ့ အမြင်ချင်းဖလှယ်မှုတွေလုပ်ဖို့ ကျွန်မအနေနဲ့ တိုက်တွန်းခဲ့ပါတယ်” ဟု ၎င်းက လူမှုကွန်ရက် X (ယခင် Twitter) တွင် ရေးသားထားသည်။
ဆွေးနွေးပွဲအတွင်း ပဋိပက္ခများ လျှော့ချရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ဖြေရှင်းရေးနှင့် နိုင်ငံရေးအရ ဆွေးနွေးမှုများ ပေါ်ပေါက်လာစေရေး စသည့်အချက်များကို အဓိကထား ဆွေးနွေးခဲ့ကြောင်း လာဇာရိုက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာသည့် ပဋိပက္ခများကြောင့် နိုင်ငံတစ်ဝန်း စစ်မီးတောက်လောင်လျက်ရှိသည်။
လက်ရှိတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်သည် အထွေထွေရွေးကောက်ပွဲကို အဆင့် (၃) ဆင့်ဖြင့် ကျင်းပလျက်ရှိရာ ယခုအခါ အဆင့် (၂) ဆင့် ပြီးမြောက်သွားပြီ ဖြစ်သည်။ ထွက်ပေါ်လာသော ရလဒ်များအရ မဲပေးသူဦးရေ နည်းပါးသော်လည်း တပ်မတော်နှင့် နီးစပ်သည့် ပါတီများကသာ အများစု အနိုင်ရနေကြောင်း သိရသည်။
အာဆီယံ၏ ငြိမ်းချမ်းရေးစီမံချက်သည် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စအချို့တွင် တိုးတက်မှုရှိသော်လည်း နိုင်ငံတစ်ဝန်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းနှင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်က ၎င်းတို့၏ ဆန့်ကျင်ဘက်အင်အားစုများကို “အကြမ်းဖက်သမား” ဟု သတ်မှတ်ကာ ဆွေးနွေးရန် ငြင်းဆန်နေခြင်းတို့ကြောင့် သိသာထင်ရှားသည့် အောင်မြင်မှု မရရှိသေးပေ။
ယခုကျင်းပသည့် ဆွေးနွေးပွဲနှင့် ပတ်သက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသကဲ့သို့ NUG ထံမှလည်း ချက်ချင်း တုံ့ပြန်ချက် မရရှိသေးပေ။
ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားပြီး ယခုဆွေးနွေးပွဲသည် လာမည့်အပတ်တွင် ဆီဘူး (Cebu) ကျွန်း၌ ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေးမတိုင်မီ ပေါ်ပေါက်လာခြင်းဖြစ်သည်။
Ref : Reuters
