




၂၂.၁.၂၀၂၆
နေရောင်လင်း
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဧရာ၀တီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်တွင် ဒေသခံပြည်သူများအား မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ပျက်စီး/ပျောက်ဆုံးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ကို One Stop Service ဖြင့် ဆောင်ရွက်ပေးနေမှုသို့ ဇန်နဝါရီ ၂၂ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ငပုတောမြို့နယ်ဦးစီးမှူးရုံးတွင် ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပျက်စီး/ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် အသက်(၁၈) နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား မလျှောက်ထားသေးသူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ဆောင်ရွက်ပေးနေမှုကို ပြည်ထောင်စုဝန်ကြီးသည် ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရန် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ကာ လုပ်ငန်းစဉ်အဆင့်ဆင့်ဆောင်ရွက်နေမှုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ပြီး One Stop Service ဖြင့် ပြုလုပ်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကာယကံရှင် တစ်ဦးချင်းထံ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။





ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံး၏ ရုံးခန်းများအတွင်း ရုံးစာရွက် စာတမ်းများနှင့် ရုံးသုံးပစ္စည်းများထိန်းသိမ်းထားရှိမှု၊ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်း များ စနစ်တကျထိန်းသိမ်းထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စာရွက်စာတမ်းနှင့် စက်ပစ္စည်းကိရိယာများ လုံခြုံမှုရှိစေရေး၊ ငပုတောမြို့နယ်အနေဖြင့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပမည့်မြို့နယ်ဖြစ်သည်နှင့်အညီ မြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် အလေးထား ဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် လက်ရှိ နိုင်ငံတော်အစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပနေမှုနှင့် ငပုတောမြို့နယ်အနေဖြင့် အပိုင်း(၃)တွင်ပါဝင်၍ လာမည့် ဇန်နဝါရီလ (၂၅)ရက်တွင် ကျင်းပဆောင်ရွက်မည့်အခြေအနေ၊ နိုင်ငံတော်၏ ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက ကြိုးပမ်း ဆောင်ရွက်နိုင်ရေး၊ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအနေဖြင့် နိုင်ငံသားကတ်ပြား ပျောက်ဆုံး/ ပျက်စီးမှုရှိပါက သက်ဆိုင်ရာလဝကရုံးသို့ ဆက်သွယ်လျှောက်ထား ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
