နေမိုး
၂၃. ၁. ၂၀၂၆
KIA လက်နက်ကိုင်တို့၏ အခြေစိုက်စခန်းရှိရာ ဗန်းမော်မြို့နယ်၊ ကောင်ဂျာရွာ (ကောင်းဂျာရွာ) ကို တပ်မတော်က ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရသူ ၅၀ ဦးထက်မနည်းရှိသည်ဟု ကချင်ဒေသတွင်းသတင်းများနှင့် ဒေသခံများထံမှ ကနဦး သိရသည်။
KIA က ဗန်းမော်မြို့ကို ရက်ပိုင်းအတွင်းသိမ်းမည်ဟုဆိုကာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှ စတင်မြို့သိမ်းစစ်ပွဲဆင်နွှဲနေသော်လည်း တပ်မတော်၏ ခုခံမှုကြောင့် တစ်နှစ်နှစ်လနီးပါးကြာသည့်အထိ မသိမ်းနိုင်ဖြစ်နေသည့်အပြင် KIA, KPDF နှင့် မြေပြန့်ဒေသမှ PDF များ ထောင်နှင့်ချီ သေဆုံးနေသဖြင့် ဖားကန့်အပါအဝင် KIA ကြီးစိုးရာဒေသအချို့တွင် လူငယ်များကို ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းပါမချန် ပေါ်တာဆွဲနေချိန်တွင် KIA ၏ အမာခံရွာဖြစ်သည့်အပြင် အခွန်ရုံး၊ တိုက်နယ်ရုံး၊ စစ်ရေးလေ့ကျင့်ရေးရုံး(ကွင်း)များဖြင့် အခိုင်အမာတပ်စွဲထားသည့် ကောင်ဂျာရွာရှိ KIA တပ်ဖွဲ့ဝင်၏ မိသားစုဝင် နာရေးနေအိမ်ကို ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီအချိန်က လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုတွင် ပထမအကြိမ်က ဗုံးတစ်လုံးကြဲချခဲ့သည်။ ထိုသို့လေကြောင်းတိုက်ခိုက်မှုကြောင့် နာရေးအိမ်တွင် ဆုတောင်းပွဲအတွက် စုဝေးနေသော KIA လက်နက်ကိုင်များနှင့် မိသားစုဝင်များ သေဆုံးခဲ့ပြီး အလောင်းကောက်ရန် ပြန်လည်စုဝေးစဥ် ထပ်ဆင့်လေကြောင်းမှ ဗုံးတစ်လုံးကြဲချ တိုက်ခိုက်ခံရသဖြင့် ကနဦးတွင် ၁၈ ယောက်သာ သေဆုံးခဲ့ရာမှ ယနေ့ ဇန်နဝါရီ ၂၃ ရက် နေ့လယ်ပိုင်းတွင် သေဆုံးသူ ၂၂ ဦးနှင့် ဒဏ်ရာရသူ ၂၈ ဦးထက်မနည်း မြင့်တက်လာခြင်းဖြစ်သည်။
NUG, PDF နှင့် EAOs တို့ကို ထောက်ခံသော ပြည်ပရောက် Exile Media ခေတ်သစ်တွင် သေဆုံးဒဏ်ရာရသူများကို အရပ်သားဟု ရေးသားထားသော်လည်း ယင်းသတင်းဖော်ပြသည့်ပုံတွင်ပင် KIA လက်နက်ကိုင်ဟု ယူဆရသူတစ်ဦး၏ ရုပ်အလောင်းပါဝင်နေသည်ကိုလည်း တွေ့ရသည်။






