◾️ ထိုမြို့နယ်များမှာ စစ်ကိုင်းတိုင်း PR မဲဆန္ဒနယ် အမှတ် (၃)၏ ၉ မြို့နယ်၌ ပါဝင်ပြီး ကျန်ရှိသည့် ၄ မြို့နယ် (ကသာ၊ ဝန်းသို၊ ကျွန်းလှ၊ ကန့်ဘလူ)တွင် ရွေးကောက်ပွဲကျင်းပနိုင်သဖြင့် ယင်းမဲဆန္ဒနယ် တစ်ခုလုံးအား မပယ်ဖျက်ခြင်းဖြစ်
၂၃. ၁. ၂၀၂၆
Written by Nyein Kyaw
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ထီးချိုင့်၊ အင်းတော်၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ကောလင်းမြို့နယ်များသည် FPTP စနစ်ဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသော်လည်း PR မဲဆန္ဒနယ်များတွင် အချိုးကျပါဝင်နေသည့်အတွက် ယင်းမြို့များအတွက် အနိုင်ရကိုယ်စားလှယ်စာရင်းများ ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့တွင် ဖြေကြားထားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ထီးချိုင့်၊ အင်းတော်၊ ပင်လည်ဘူးမြို့နယ်များသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိကြောင်း ကြေညာချက်အမှတ် (၁၀၃/၂၀၂၅ ) ဖြင့် ကြေညာထားသည့် မဲဆန္ဒနယ် ၁၂၁ နယ် (၅၆ မြို့နယ်)တွင် လည်းကောင်း၊ ကောလင်း၊ ဗန်းမောက်မြို့နယ်များသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ကြေညာချက် အမှတ်(၁၇၁/၂၀၂၅) ဖြင့် ကြေညာထားသည့် မဲဆန္ဒနယ် ၂၀ နယ် ( ၉ မြို့နယ်) တွင် လည်းကောင်း ပါဝင်သည့်အတွက် ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း မရှိကြောင်း UEC က ဖြေကြားထားသည်။
သို့သော် ယင်း ၅ မြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် PR မဲဆန္ဒနယ် အမှတ်(၃)အဖြစ် သတ်မှတ်ထားသည့် ၉ မြို့နယ်တွင် ပါဝင်ပြီး ကျန်ရှိသည့် ၄ မြို့နယ် (ကသာ၊ ဝန်းသို၊ ကျွန်းလှ၊ ကန့်ဘလူ) တွင် ရွေးကောက်ပွဲကျင်းပနိုင်သဖြင့် ယင်းမဲဆန္ဒနယ် တစ်ခုလုံးအား မပယ်ဖျက်ခြင်းဖြစ်ကြောင်း UEC က ဖြေကြားထားသည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်အတွက် အသုံးပြုသည့် Mixed Member Proportional- MMP စနစ် မဲဆန္ဒနယ်သတ်မှတ်ရာတွင် FPTP မဲဆန္ဒနယ်နှင့် ဆက်စပ်သည့် PR မဲဆန္ဒနယ်များကို သတ်မှတ်ပေးပြီး မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ရမည့် လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ကိုလည်း သတ်မှတ်ပေးထားခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၆၁ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဖွဲ့စည်းရာတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် မြို့နယ်တစ်မြို့နယ်လျှင် ကိုယ်စားလှယ် Member နှစ်ဦးကျစီဖြင့် ဖွဲ့စည်းရမည် ဖြစ်သည်
ပြောင်းလဲကျင့်သုံးသည့် ရွေးကောက်ပွဲစနစ်အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် တစ်မြို့နယ်လျှင် FPTP စနစ်ဖြင့် ကိုယ်စားလှယ် ၁ ဦး၊ PR စနစ်ဖြင့် ကိုယ်စားလှယ် ၁ ဦး စုစုပေါင်း ၂ ဦး ရွေးကောက် တင်မြှောက်ရမည်ဖြစ်သဖြင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် PR မဲဆန္ဒနယ် အမှတ်(၃)တွင် ပါဝင်သည့် ၉ မြို့နယ်အတွက် တစ်မြို့နယ်လျှင် ကိုယ်စားလှယ် ၁ ဦးစီ သတ်မှတ်ပေးရမည်ဖြစ်၍ ယင်း ၅ မြို့နယ် အပါအဝင် မဲဆန္ဒနယ်တစ်ခုလုံးအတွက် ကိုယ်စားလှယ် ၉ ဦး သတ်မှတ်ပေးခြင်းဖြစ်ကြောင်း UEC က ဖြေကြားထားသည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် အသုံးပြုသည့် Mixed Proportional – MMP ရွေးကောက်ပွဲစနစ်အရ FPTP မဲဆန္ဒနယ်တွင် ဝင်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများကိုသာ မဲပေးရပြီး သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၉၇(က)(၃)(ကက) အရ ယင်း FPTP မဲဆန္ဒနယ်မှ နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း အသီးသီးရရှိသည့် ခိုင်လုံသောဆန္ဒမဲစာရင်းများကို ယင်းတို့ကိုယ်စားပြုသည့် နိုင်ငံရေးပါတီက ရရှိသည့် ဆန္ဒမဲများအဖြစ်သတ်မှတ်ပြီး ဆက်စပ်သည့် PR မဲဆန္ဒနယ်အတွက် သတ်မှတ်ထားသည့် Droop Quota Method နှင့် The Largest Remainder Formular ဖြင့် အချိုးကျကိုယ်စားလှယ်အရေအတွက် တွက်ချက်၍ အနိုင်ရကိုယ်စားလှယ်များအား နည်းဥပဒေ ၉၇ (က) (၃) (ငင) အရ ကိုယ်စားပြု မြို့နယ်များ သတ်မှတ်ခြင်းဖြစ်ကြောင်း UEC က ဖြေကြားထားသည်။
ပြောင်းလဲကျင့်သုံးသည့် MMP ရွေးကောက်ပွဲစနစ်အရ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ကြေညာပြီးဖြစ်၍ သိရှိလေ့လာနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယင်းမြို့နယ် ၅ မြို့နယ်တွင် FPTP စနစ်အတွက် ရွေးကောက်ပွဲ မကျင်းပသော်လည်း PR မဲဆန္ဒနယ် သတ်မှတ်မှုအရ ယင်း ၅ မြို့နယ် ပါဝင်သည့် PR မဲဆန္ဒနယ်အမှတ် (၃) အတွက် ကိုယ်စားလှယ် ၉ ဦးအား ကိုယ်စားပြုမြို့နယ်များ သတ်မှတ်ကြေညာပေးခြင်းသာဖြစ်ကြောင်း UEC က ဖြေကြားထားသည်။


