နေမိုး
၂၀. ၁. ၂၀၂၆
ဧရာဝတီမအမည်ဖြင့် လူသိများသည့် TikTok ဆယ်လီ LGBT တစ်ဦး ထိုင်းနိုင်ငံ မဲဆောက်တွင် လုယက်သတ်ဖြတ်ခံရမှု ယနေ့ဖြစ်ပွားခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။
လိင်စိတ်ကွဲပြားသူ LGBT တစ်ဦးဖြစ်သည့် ဧရာဝတီမသည် နာမည်ရင်း (ကို) တင်ဇော်ထွေးဟုလည်း သိရပြီး ယမန်နေ့ ဇန်နဝါရီ ၁၉ ရက်ညသန်းခေါင်က ချစ်သူအမျိုးသားနှင့် သွားတွေ့မည်ဟုဆိုကာ ပျောက်ဆုံးသွားပြီးနောက် ယနေ့တွင် မဲဆောက်မြို့၊ မယ်တောင်ရပ်ကွက်၊ TK ကြီးစက်ရုံ၊ တောင်ယာစိုက်ခင်းနေရာ၌ ပစ္စည်းလုယက်၊ ရိုက်နှက်သတ်ဖြတ်ခံထားရသည့် အခြေအနေဖြင့် သေဆုံးရုပ်အလောင်းအား ပြန်လည်ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

လူမှုကွန်ရက် ရုပ်သံသတင်းများအရ ဧရာဝတီမ၏ ရုပ်အလောင်းသည် လည်ပင်းနှင့် ဦးခေါင်းအား လှီးဖြတ် ထုနှက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသလို ဝတ်ထားသည့် ဘောင်းဘီလည်း ကျွတ်လျက်သားဖြင့် လိင်ပိုင်းဆိုင်ရာပြုကျင့်ခံထားရသည့် အခြေအနေဖြစ်ကာ ယင်းနှင့်အတူပါသွားခဲ့သည့် I phone 17 Pro Max၊ ရွှေဆွဲကြိုး၊ ဟန်းချိန်းနှင့် လက်စွပ်နှစ်ကွင်းလည်း ပျောက်ရှနေသည်ဟု ဆိုသည်။
နောက်ဆုံးသတင်းများအရ ဧရာဝတီမခေါ် ကိုတင်ဇော်ထွေးသည် Thi Ha အမည်ရှိ လူငယ်တစ်ဦးနှင့် ချိန်းဆိုသည့်နေရာသွားရောက်ရာမှ လုယက်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သလို ကျူးလွန်သူကို ဖမ်းမိပြီဟုလည်း ကနဦးသတင်းများအရ သိရသည်။
