




၂၀. ၁. ၂၀၂၆
Written by Nyein Kyaw
သံလွင်မြစ်ကူးတံတား(တာဆန်း) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၊ တာဆန်းကျေးရွာအနီးရှိ အဆိုပါတံတားနေရာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။
မင်္ဂလာအချိန်တွင် သံလွင်တံတား(တာဆန်း)အား ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာချာလီသန်း၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဦးမျိုးသန့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယာယီသမ္မတက သံလွင်တံတား(တာဆန်း) ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကာ ယာယီသမ္မတထံ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက သံလွင်တံတား(တာဆန်း)ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။
ထို့နောက် ယာယီသမ္မတက ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် သံလွင်တံတား(တာဆန်း) ပေါ်တွင် ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။
အဆိုပါ သံလွင်တံတား(တာဆန်း)အနေဖြင့် တံတားအရှည် ၈၇၆ ပေရှိပြီး ယာဉ်သွားလမ်းအကျယ် ၂၃ ပေ၊ ဆိုင်ကယ်လမ်းတစ်ဖက် ၅ ပေစီဖြင့် စုစုပေါင်း တံတားအကျယ် ၃၃ ပေရှိသည့် သံမဏိသံပေါင်တံတားဖြစ်ပြီး ရေလမ်းကင်းလွတ် အကျယ် ၂၈၀ ပေရှိကာ ရေလမ်းကင်းလွတ်အမြင့် ၃၄ ပေရှိသည်။ ယခင် ပေ ၉၀၀ ရှိ သံလွင်တံတား(တာဆန်း) ကြိုးတံတားအဟောင်း၏ အနီးတွင် တည်ဆောက်ထားခြင်းဖြစ်သည်။
ယခုကဲ့သို့ တံတားအသစ်ကြီး တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်သဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့ကို ဆက်သွယ်ထားသည့် တောင်ကြီး-နမ့်စန်-မိုးနဲ-မိုင်းပန်-မိုင်းတုံ-မိုင်းဆတ်-တာချီလိတ် လမ်းကြောင်းကို အသုံးပြု၍ ကုန်စည်ကူးသန်းသွားလာမှုများကို ပိုမိုလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူများစွာဖြစ်လာစေမည်ဖြစ်ကြောင်း သိရသည်။
