◾ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်ဆောင်ရွက်ရန်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အလေးထားမှာကြား
◾️ ဘိန်းခင်းစိုက်ပျိုးမှု၊ ဖျက်ဆီးမှုများကိုလည်း နှစ်အလိုက် မှတ်ပုံတင်ပြုစု၍ စနစ်တကျတိုက်ဖျက် ဆောင်ရွက်သွားရန်ပါ မှာကြား
၂၀. ၁. ၂၀၂၆
Written by Nyein Kyaw
ရွေးကောက်ပွဲကို ဒီမိုကရေစီနည်းလမ်းများနှင့်အညီ ကျင်းပနေခြင်းဖြစ်ပြီး လာမည့်မတ်လအတွင်း လွှတ်တော်ခေါ်ယူ၍ အနိုင်ရရှိသည့်အစိုးရအဖွဲ့အား လုပ်ငန်းစဉ်များအတိုင်း နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား စစ်ဆေးခြင်းနှင့် တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ပြောကြားသည်။
ရွေးကောက်ပွဲကို ဒီမိုကရေစီနည်းလမ်းများနှင့်အညီ ကျင်းပနေခြင်းဖြစ်ပြီး ပါတီများအနေဖြင့်လည်း ဒေသအလိုက် သတ်မှတ်ချက်များနှင့်အညီ ဝင်ရောက် ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံနိုင်သည့်ပါတီကြီးများရှိသကဲ့သို့ ဒေသအလိုက် ယှဉ်ပြိုင်သည့်ပါတီများ၊ တစ်သီးပုဂ္ဂလပုဂ္ဂိုလ်များလည်းရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။



ကျင်းပပြီးသည့် ရွေးကောက်ပွဲအပိုင်း(၁)နှင့်(၂) ရလာဒ်များအား စာရင်းဇယားများဖြင့် ပွင့်လင်းမြင်သာစွာ ကြေညာပေးပြီးဖြစ်ကြောင်း၊ လာမည့်မတ်လအတွင်း လွှတ်တော်ခေါ်ယူ၍ အနိုင်ရရှိသည့်အစိုးရအဖွဲ့အား လုပ်ငန်းစဉ်များအတိုင်း နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
နိုင်ငံတော်တွင် အစိုးရအဖွဲ့များ ခေတ်အဆက်ဆက် မည်သို့ပင်ပြောင်းလဲလျက်ရှိသော်လည်း တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဆက်လက်ထမ်းဆောင်နေမည့် ခိုင်မာသည့်အဖွဲ့အစည်းပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့အပြင် အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်ဆောင်ရွက်သွားရန် အလေးထားမှာကြားလိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်း ပြောကြားသည်။
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ယခင်ကတည်းကပင် EAO အဖွဲ့အချို့ နယ်မြေကျော်လွန်ဝင်ရောက်ခြင်း၊ တိုက်ပွဲဖော်ဆောင်ခြင်းများလုပ်ဆောင်တတ်သည့် အလေ့အထရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ယင်းပြင် လက်ရှိအချိန်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း လုပ်ငန်းများကိုပါ လုပ်ဆောင်လာကြသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းလုပ်ငန်းများ လုပ်ဆောင်မှုမရှိစေရေး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်ဆောင်ရွက်သွားရန် အလေးထားမှာကြားလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ဘိန်းစိုက်ပျိုးမှုပပျောက်ရေးလုပ်ငန်းများကိုလည်း စနစ်တကျဖြင့် ဆက်လက် ဆောင်ရွက်သွားရန်လိုပြီး ဘိန်းခင်းစိုက်ပျိုးမှု၊ ဖျက်ဆီးမှုများအား နှစ်အလိုက် မှတ်ပုံတင်ပြုစု၍ စနစ်တကျတိုက်ဖျက်ဆောင်ရွက်သွားရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားသည်။
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပညာတတ်များပေါကြွယ်ဝစေရေး၊ အသိအမြင်တိုးပွားစေရေးတို့အတွက်လည်း တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အသိအမြင် ဗဟုသုတများ ကျယ်ပြန့်လာမှသာလျင် ၎င်းတို့၏လူမှု စီးပွားဘဝများတိုးတက်မှုကို ဖော်ဆောင်ရာ၌ အထောက်အကူ ပိုမိုဖြစ်စေနိုင်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
