◾ အလိုတော်ပြည့်ကျောင်းတိုက်ကလည်း မယ်သီလရှင်များနှင့် ဆင်းရဲနွမ်းပါး အနှေးယာဉ်ဆိုက္ကားဆရာများကို ကျပ်သိန်း ၅၀၀ ဖိုးခန့် ပါဝင်အားဖြည့် လှူဒါန်းခဲ့





၂၀.၁.၂၀၂၆
Written by Linn Eain ၊ Thandar
ပြည်ခိုင်ဖြိုးပါတီမှ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ်လုပ်သားကြီးများကို စက်ဘီးတာယာ တစ်လုံးလျှင် တစ်သောင်းကျပ်နှင့် အကြွေးစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စက်ဘီးတာယာများ ရောင်းချပေးမှုကို တာမွေမြို့နယ်၊ ပင်ရွှေညောင်လမ်းရှိ အလိုတော်ပြည့်ဘုန်းကြီးကျောင်းဝန်းအတွင်း ဇန်နဝါရီ ၂၀ ရက်၊ ညနေ ၄ နာရီတွင် စတင်ပြုလုပ်ခဲ့ပြီး အခြားအလှူရှင်များကလည်း ဆန်၊ ဆီ၊ ဟင်းသီးဟင်းရွက်များနှင့် မုန့်များ ပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်မှ အနှေးယာဉ်လုပ်သားတစ်ဦးက ” နေ့လယ် ၂ နာရီလောက်ထဲက လာတန်းစီတာပါ။ တာယာတစ်လုံး တစ်သောင်းကျပ်ကို အကြွေးစနစ်နဲ့ ရောင်းပေးတယ်။ အခြားအလှူရှင်တွေကလည်း ဆန်နဲ့ ဟင်းသီးဟင်းရွက်တွေလှူကြပါတယ်။ နာမည်နဲ့ မှတ်ပုံတင်နံပါတ်ရေးရပြီး လက်မှတ်ထိုးရပါတယ်။ ကျွန်တော်တို့ ဆိုက္ကားနင်းတဲ့ အနှေးယာဉ်လုပ်သားတွေကို သီးသန့်ရောင်းပေးတာပါ ” ဟု ပြောသည်။
ထိုသို ရောင်းချပေးရာတွင် စက်ဘီးတာယာစုစုပေါင်း ၈၇၅ လုံးရောင်းချပေးရန် စီစဉ်ခဲ့ပြီး အနှေးယာဉ်လုပ်သား ၅၀၀ ခန့်လာရောက် ဝယ်ယူခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းအုံသည် လက်ရှိတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ယခင်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။





ဦးထွန်းအုံ၏ အစီအစဥ်အပြင် အလိုတော်ပြည့်ဆရာတော်ကြီးကို ဦးထိပ်ထားပြီး တပည့်ရင်း ဆရာတော်အသျှင် ကုမာရကလည်း မယ်သီလရှင်များ၊ ဆင်းရဲနွမ်းပါး အနှေးယာဉ်ဆိုက္ကားဆရာများကို ဆိုက္ကားတာယာများနှင့် အခြေခံစားကုန်များကို အခြားသော အလှူရှင်များနှင့်အတူ ပါဝင်အားဖြည့်လှူဒါန်းခဲ့သည်ဟု သိရသည်။
“ကျေးဇူးရှင် အလိုတော်ပြည့်ဆရာတော်ကြီးကို ဦးထိပ်ထားပြီးတော့ ဦးဇင်းက ဆရာလေး မယ်သီလရှင်တွေ အခြေခံ ဆန်၊ ဆီ စားသောက်ကုန်တွေ လှူဖြစ်ပါတယ်။ နောက် တစ်နေ့လုပ်မှ တစ်နေ့စားဝတ်နေရေး အခက်အခဲကိုဖြေရှင်းနေရတဲ့ ဆိုက္ကားဆရာတွေအတွက် တကယ့်ကိုလိုအပ်တဲ့ စက်ဘီးတာယာတွေကို လှူဖြစ်တာပါ။ တော်ရုံနဲ့ ခက်ခဲနေတာမို့ ဘီးပြန်အသစ်လဲဖို့ကလည်း မလွယ်လှဘူးမို့ လှူဖြစ်တာပါ။ စစ်ဘေးရှောင်ပြည်သူတွေလည်း လှူဖြစ်ပါတယ်။ ခုလို တပို့တွဲလပြည့်နေ့မှာ ဆန်၊ ဆီ အခြေခံစားကုန်တွေနဲ့ တာယာတွေရယ်ဆိုရင် ခန့်မှန်းခြေ သိန်း ၅၀၀ ကျော်ဖိုး လှူရလို့လည်း ဝမ်းသာပီဖြစ်ရပါတယ်”ဟု ဆရာတော် အသျှင်ကုမာရက မိန့်တော်မူသည်။
အဆိုပါလှူဒါန်းမှုကိုလည်း အနုပညာရှင်များဖြစ်သည့် သရုပ်ဆောင် စိုးရန်အောင်၊ သရုပ်ဆောင် သက်သခင်၊ သရုပ်ဆောင်နိုင်လူ၊ အဆိုတော် ကေသီနွယ်စသူများပါဝင်ခဲ့ပြီး ဆိုက္ကားတာယာများလှူဒါန်းခြင်းအပြင် အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်နီ၊ ဂေါ်ဖီပွင့်၊ ခရမ်းသီး၊ ဘူးသီး၊ ငါး၊ ကုလားပဲ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ သွားတိုက်ဆေး၊ ဆပ်ပြာခဲ စသည်များ ပေးဝေလှူဒါန်းခဲ့ကြသည်။
