




၂၀. ၁. ၂၀၂၆
Written by Nyein Kyaw
တပ်မတော်အင်အား မတောင့်တင်းပါက ပြည်ပမှစွက်ဖက်ခြင်းများကို ခံရနိုင်သဖြင့် စွမ်းရည်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား စစ်ဆေးခြင်းနှင့် တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။
နိုင်ငံတစ်နိုင်ငံတွင် ကာကွယ်ရေးအတွက် အင်အားတောင့်တင်းသည့် တပ်မတော်တစ်ခု ရှိရမည်ဖြစ်ပြီး တပ်မတော်အင်အား မတောင့်တင်းပါက ပြည်ပမှစွက်ဖက်ခြင်းများကို ခံရနိုင်သဖြင့် စွမ်းရည်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားသည်။
တပ်မတော်သားများသည် တိုင်းရင်းသားပြည်သူများမှ ပေါက်ဖွားလာသူများဖြစ်သဖြင့် စည်းလုံးညီညွတ်စွာဖြင့် နေထိုင်ကြရန်လိုကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံတည်ရှိနေသည့် ပထဝီအနေအထားအရ ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံးအနေဖြင့် စည်းလုံးညွတ်မှုရှိရန်နှင့် နိုင်ငံတော်ကာကွယ်ရေးကို စုစည်းညီညွတ်သည့်အားဖြင့် တည်ဆောက်နိုင်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားသည်။
တပ်မတော်သားအားလုံးအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေသကဲ့သို့ ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များဖတ်ရှုခြင်း၊ ပြည်တွင်းပြည်ပ သတင်းများအား ကြည့်ရှုလေ့လာခြင်းများ ပြုလုပ်ခြင်းဖြင့် အသိပညာဗဟုသုတများမြင့်မားလာပြီး ဆင်ခြင်တုံတရားများလည်း မြင့်မားလာမည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်နှင့် နိုင်ငံသားများက အားကိုးအားထားရသည့် တန်ဖိုးရှိသည့် တပ်မတော်သားများ ဖြစ်လာမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားသည်။
