◾ ကျူးလွန်သည့်ဇာတ်သဘင်အဖွဲ့နာမည် မဖော်ပြရဲသည့် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ကိုလည်း ထုတ်ပြန်ချက်အောက် ရှုတ်ချနေ
သက်တံ့
၂၀. ၁. ၂၀၂၆
ကလေးသူငယ်များကို စင်ပေါ်ခေါ်တင်ကာ ဘောင်းဘီဆွဲချွတ်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားသည့်လုပ်ရပ်များကို ပြက်လုံးထုတ်သည့် အောင်ဇမ္ဗူဇာတ်အဖွဲ့အား စုံစမ်းစိစစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) က ယနေ့ထုတ်ပြန်သည်။
လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသည့် ရုပ်သံများအရ အောင်ဇမ္ဗူဇာတ်အဖွဲ့မှ မင်းသားနှင့် လူရွှင်တော်များက ကလေးငယ်နှစ်ဦးအား လိင်ပိုင်းဆိုင်ရာမဖွယ်မရာစကားများပြောဆိုကာ လိင်အင်္ဂါကို ကိုင်တွယ်လှန်ကြည့်သည့်ရုပ်သံများ၊ ပုံရိပ်များထွက်ပေါ်နေသည့်အပေါ် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအဖြစ် ဝိုင်းဝန်းဝေဖန်ရှုတ်ချနေကြသည်။

ထိုဖြစ်ရပ်အပေါ် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) က ယနေ့ထုတ်ပြန်ရာတွင် “ယနေ့ လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိသည့်အပြင် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) Official Page သို့လည်းကောင်း၊ ဗဟိုသဘင် အမှုဆောင်များထံသို့လည်းကောင်း တိုင်ကြားမှုများ လက်ခံရရှိနေသည့် “ဇာတ်သဘင်အဖွဲ့တစ်ဖွဲ့သည် နှစ်ပါးသွားအစီအစဉ် ဖျော်ဖြေနေစဉ် ပရိသတ်တွင်းမှ ကလေးငယ်တစ်ဦးအား ဇာတ်စင်ပေါ်သို့ ခေါ်ယူပြီး အမြင်မသင့်သော၊ ကလေးသူငယ်ဂုဏ်သိက္ခာ နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော မဖွယ်မရာ ပြုမူခြင်း” ကိစ္စရပ်နှင့် စပ်လျဉ်း၍ များစွာ စိတ်မကောင်း ဖြစ်ရပါသည်။

ထိုကိစ္စရပ်အတွက် လိုအပ်သည်များ ဆောင်ရွက်နိုင်ရန် စုံစမ်းစိစစ်လျက်ရှိပါကြောင်းနှင့် နောက်ဆက်တွဲ အခြေအနေများအား ဆက်လက် သတင်းထုတ်ပြန်ပေးသွားမည် ဖြစ်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။”ဟု ထုတ်ပြန်သော်လည်း ကျူးလွန်သည့် ဇာတ်အဖွဲ့အမည်မဖော်ပြရဲခဲ့သဖြင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ကိုပါ ထုတ်ပြန်ချက်အောက် ဝိုင်းဝန်း ရှုတ်ချနေကြသည်။









