


၂၀.၁.၂၀၂၆
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားရ်နယ်မြေရှိ ယူကီရာ ဘင်္ဂါလီဒုက္ခသည်စခန်း အမှတ် (၁၆) တွင် ဇန်န၀ါရီလ ၁၉ ရက် နံနက်အစောပိုင်းနာရီများက မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ရာ လူနေအိမ် ၄၅၀ ခန့်၊ကျောင်းဆယ်လုံးနှင့် ဘာသာရေးအဆောက်အအုံများပါ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
မီးက ဒုက္ခသည်စခန်း၏ အကွက် D-4 တွင် နံနက် ၃း၄၅ နာရီ၌ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
ကနဦးသတင်းများအရ စခန်းတွင်နေထိုင်သူတစ်ဦးဖြစ်သည့် မိုဟာမက် အာနစ်စ် ဆိုသူက လုံး၀အိပ်မပျော်မီ နံနက် ၂:၄၅ နာရီလောက်တွင် ဓာတ်ငွေ့မီးဖိုပေါ်၌ ရေနွေးအိုး တည်ခဲ့သည်။ ထို့နောက် အိပ်ပျော် သွားခဲ့ရာတွင် ရေခန်းသွားခဲ့ပြီးနောက် မီးဖို ဆက်လက်လောင်နေရာမှ မီးလောင်ကျွမ်းမှု စတင်ဖြစ်
ပွားခဲ့ကာ အနီးနားရှိ အိမ်များသို့ပါ မီးက လျင်မြန်စွာ ကူးစက်သွားခဲ့ခြင်းဟု သိရသည်။
ညဉ့်နက်ပိုင်းတွင် မီးလောင်မှုဖြစ်ရပ်ဖြစ်ပွားခဲ့ရာ မီးတောက်များသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး စခန်းတစ်ခုလုံးတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့သည်။
ယူကီရာ မီးသတ်တပ်ဖွဲ့နှစ်ဖွဲ့နှင့် ဘင်္ဂါလီအပျော်တန်းအဖွဲ့များပါ မီးကို၀ိုင်း၀န်းငြှိမ်းသတ်ခဲ့ကြပြီး နံနက် ၅း၃၀ နာရီတွင် မီးကိုထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
ဘင်္ဂါလီဒုက္ခသည်စခန်း အမှတ် ၁၆ အကွက် D-4 မှ လူ့အဖွဲ့အစည်းခေါင်းဆောင် မိုဟာမက် ရိဇ်က မီးကြောင့် လူနေအိမ် ၄၅၈ လုံး၊ ဗလီ နှစ်လုံး၊ ကျောင်း ၁၀ ကျောင်းနှင့် အစ္စလာမ္မစ်ဘာသာရေးကျောင်း တစ်ကျောင်းတို့ မီးလောင်ခဲ့ရကြောင်း၊ ပျက်စီးဆုံးရှုံးမှုများ၏တန်ဖိုးကိုတွက်ချက်နေဆဲဖြစ်ကြောင်း ပြောခဲ့သည်။
မီးက နံနက်အစောပိုင်းမှောင်မည်းနေချိန်တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ရာ မီးခိုးများလည်းထူထပ်စွာထွက်လာပြီး စခန်းတစ်ခုလုံး ထိတ်လန့်ကြောက်ရွံ့ တုန်လှုပ်ခဲ့ကြရသည်။
Ref-Dhaka Tribune
