သက်တံ့
၂၀. ၁. ၂၀၂၆
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ လုံခြုံရေးတင်းကျပ်ထားသော ရပ်ကွက်တစ်ခုအတွင်း ဖွင့်လှစ်ထားသည့် တရုတ်စားသောက်ဆိုင်တစ်ဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံသားတစ်ဦးနှင့် အာဖဂန်နိုင်ငံသား ၆ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကို IS စစ်သွေးကြွအဖွဲ့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ကြေညာလိုက်သည်။
တနင်္လာနေ့ (ဇန်နဝါရီ ၁၉ ရက်) က ဖြစ်ပွားခဲ့သော အဆိုပါပေါက်ကွဲမှုသည် ရုံးခန်းများ၊ ဈေးဝယ်စင်တာများနှင့် သံရုံးများတည်ရှိရာ ရှာရီနော(Shahr-e-Naw) စီးပွားရေးရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Khalid Zadran က ပြောကြားသည်။ ထိုဒေသသည် မြို့တော်အတွင်း အလုံခြုံဆုံး ရပ်ကွက်တစ်ခုအဖြစ် သတ်မှတ်ခံထားရသော နေရာဖြစ်သည်။

◾️ တိုက်ခိုက်မှုဖြစ်စဉ်
အစ္စလာမ္မစ်နိုင်ငံတော် (IS) စစ်သွေးကြွအဖွဲ့၏ အာဖဂန်ခွဲထွက်အဖွဲ့က ယင်းတိုက်ခိုက်မှုသည် ၎င်းတို့၏ အသေခံဗုံးခွဲသမားတစ်ဦးက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ စားသောက်ဆိုင်သည် တရုတ်မူဆလင်အသိုင်းအဝိုင်းကို ဝန်ဆောင်မှုပေးနေသည့်ဆိုင်ဖြစ်ပြီး တရုတ်မူဆလင်အမျိုးသားတစ်ဦးဖြစ်သူ အဗ္ဗဒူလ် မာဂျစ်၊ ၎င်း၏ဇနီးနှင့် အာဖဂန်ဖက်စပ်လုပ်ကိုင်သူ အဗ္ဗဒူလ် ဂျာဘာ မာမွတ်တို့က ပူးတွဲပိုင်ဆိုင်ကြောင်း Zadran က ဆိုသည်။ “ပေါက်ကွဲမှုရဲ့ သဘောသဘာဝကို အသေးစိတ်မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
သေဆုံးသူများမှာ ဆိုင်၏ မီးဖိုချောင်အနီးတွင်ရှိနေသည့် တရုတ်နိုင်ငံသား Ayub (အမည်တစ်ခုတည်းသာ သိရသူ) နှင့် အာဖဂန်နိုင်ငံသား ၆ ဦးတို့ဖြစ်ပြီး အခြားလူအများအပြားလည်း ဒဏ်ရာရရှိခဲ့သည်။
IS အဖွဲ့၏ အာဘော်ဖြစ်သော Amaq သတင်းဌာနက “တရုတ်အစိုးရသည် ဝီဂါ (Uyghur) မူစလင်များအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ ပိုမိုများပြားလာခြင်း” ကြောင့် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားစာရင်းတွင် ထည့်သွင်းထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
တရုတ်နိုင်ငံ အနောက်ဘက်စွန်း ရှင်းကျန်းဒေသတွင် နေထိုင်ကြသော လူဦးရေ ၁၀ သန်းခန့်ရှိသည့် အစ္စလာမ်ဘာသာဝင် ဝီဂါလူနည်းစုများအပေါ် တရုတ်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြောင်း လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲထားသော်လည်း ဘေဂျင်းအစိုးရကမူ ယင်းစွပ်စွဲချက်များကို ငြင်းဆိုထားပြီး အနောက်နိုင်ငံများ၏ လုပ်ကြံဖန်တီးမှုများသာဖြစ်ကြောင်း တုံ့ပြန်ထားသည်။

◾️ စုံစမ်းစစ်ဆေးရန်နှင့် နိုင်ငံသားများကို အကာအကွယ်ပေးရန် တရုတ်တောင်းဆို
အဆိုပါ ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို ကုသပေးရန် အာဖဂန်အစိုးရအနေဖြင့် အစွမ်းကုန်ကြိုးစားပေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော့ကျားခွန်းက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံသားများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် ထိရောက်သော အစီအမံများ ချမှတ်ပေးရန်နှင့် ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန်လည်း တောင်းဆိုထားသည်။
လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုဖိုင်များတွင် စားသောက်ဆိုင်အဆောက်အအုံ၏ အပြင်ဘက်မျက်နှာစာ၌ ပေါက်ကွဲမှုကြောင့် အပေါက်ကြီးတစ်ခုဖြစ်ပေါ်နေပြီး မီးခိုးများထွက်နေသည်ကို တွေ့ရသည်။ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ (EMERGENCY) ၏ အာဖဂန်ညွှန်ကြားရေးမှူး Dejan Panic က “ကျွန်တော်တို့ ဆေးရုံကို လူနာ ၂၀ ရောက်လာပါတယ်၊ ၇ ဦးကတော့ ရောက်ကတည်းက သေဆုံးနေပါပြီ၊ ဒဏ်ရာရသူတွေထဲမှာ အမျိုးသမီး ၄ ဦးနဲ့ ကလေးတစ်ဦး ပါဝင်ပါတယ်” ဟု ပြောကြားခဲ့သည်။
တာလီဘန်အဖွဲ့သည် ၂၀၂၁ ခုနှစ်တွင် အာဖဂန်နစ္စတန်အာဏာကို ရယူခဲ့ပြီးနောက် လုံခြုံရေးပြန်လည်ကောင်းမွန်လာစေမည်ဟု ကတိပြုထားသော်လည်း ဗုံးခွဲတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ယင်းတိုက်ခိုက်မှုအများစုကို IS အဖွဲ့က လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
Ref : Reuters
