




၂၀.၁.၂၀၂၆
Written by Nay Yaung Lin
၂၀၂၅ ရွေးကောက်ပွဲ အပိုင်း(၂)အပြီး ရလဒ်များထုတ်ပြန်မှုအရ ပြည်သူ့ပါတီက တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးတို့ အနိုင်ရရှိထားကြောင်း ပြည်သူ့ပါတီ(ဗဟို)၏ ထုတ်ပြန်မှုအရ သိရသည်။
ပြည်သူ့ပါတီ(People Party)က တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွင် အနိုင်ရရှိထားသည့် ကိုယ်စားလှယ်လောင်းများမှာ မကွေးတိုင်းဒေသကြီးလွှတ်တော်တွင် အချိုးကျကိုယ်စားပြုစနစ်(PR) အရ စေတုတ္တရာမြို့နယ်မှ ဦးသိန်းထက်ဝေ၊ မြို့သစ်မြို့နယ်မှ ဦးအောင်လင်းဦး၊ ကံမမြို့နယ်မှ ဦးအောင်လှိုင်သန်း၊ မွန်ပြည်နယ်လွှတ်တော်တွင် အချိုးကျကိုယ်စားပြုစနစ်(PR) အရ ချောင်းဆုံမြို့နယ်မှ ဦးအောင်ကိုဝင်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အချိုးကျကိုယ်စားပြုစနစ်(PR) အရ လှည်းကူးမြို့နယ်မှ ဦးကျော်မင်းထွန်းနှင့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တွင် နိုင်သူအကုန်ယူစနစ်(FPTP) အရ မြိတ်မြို့နယ်မှ ဦးခိုင်ဦးတို့ဖြစ်ကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်သူ့ပါတီက အမျိုးသားလွှတ်တော်တွင် အနိုင်ရရှိထားသည် ကိုယ်စားလှယ်လောင်းတစ်နေရာမှာ စစ်ကိုင်းတိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဦးလွှမ်းမိုးနိုင်တို့ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ပါတီ ဗဟိုကော်မတီဝင် ဦးရဲကျော်စွာက “ အခုချိန်ထိ ပြည်သူ့ပါတီကနေ တိုင်းဒေသကြီးလွှတ်တော် (FPTP)မှာဆိုရင် တနင်္သာရီတိုင်းက ဘိတ်မြို့နယ်မှာ တစ်ယောက်ရှိပါတယ်။ မွန်ပြည်နယ်မှာ ပြည်နယ်လွှတ်တော်(PR) တစ်ယောက်၊ နောက်ပြီးတော့ ရန်ကုန်တိုင်းမှာ တိုင်းဒေသကြီးလွှတ်တော်(PR) တစ်ယောက်။ နောက်ပြီးတော့ မကွေးတိုင်းမှာ တိုင်းဒေသကြီးလွှတ်တော်(PR) သုံးယောက်။ စုစုပေါင်းကတော့ ခြောက်ယောက်ပါ။ ထူးခြားချက်ကတော့ တနင်္သာရီမှာ FPTP က တစ်ယောက်ပဲရှိပါသေးတယ်။ ကျန်တဲ့နေရာတွေက ရလဒ်မပြီးသေးလို့ပါ။ အပိုင်း (၃) ပြီးမှပဲ အဖြေထွက်မှာဖြစ်ပါတယ် “ ဟု ပြောကြားခဲ့သည်။
မကွေးတိုင်းဒေသကြီးတွင် ပြည်သူ့ပါတီက ရရှိထားသည့် တိုင်းဒေသကြီးလွှတ်တော်(PR) သုံးနေရာမှာ မကွေးခရိုင်၊ မင်းဘူးခရိုင်နှင့် သရက်ခရိုင်တို့မှ တစ်နေရာစီရရှိထားခြင်းဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီ ၂၅ ရက်တွင်ကျင်းပမည်ဖြစ်ပြီး ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းတို့ရှိ မြို့နယ်များပါဝင်ကြောင်း သိရသည်။
၂၀၂၅ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့ပြီး မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင်လည်းကောင်း၊ အပိုင်း (၂) ကို ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပခဲ့ပြီး မြို့နယ်ပေါင်း ၁၀၀ မြို့နယ်တွင်လည်းကောင်း၊ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်တွင် မြို့နယ်ပေါင်း ၆၃ မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
