သက်တံ့
၂၀. ၁. ၂၀၂၆
ထိုင်းနိုင်ငံ၊ အန်ထောင်ပြည်နယ်အတွင်းရှိ အာရှအဝေးပြေးလမ်းမပေါ်တွင် ဇန်နဝါရီလ ၁၉ ရက် ညပိုင်းက တရားမဝင် ရွှေ့ပြောင်းအလုပ်သမား ၂၂ ဦးနှင့် သယ်ယူ ပို့ဆောင်ပေးသူ ၃ ဦးတို့ကို အဝေးပြေးရဲတပ်ဖွဲ့ခွဲ (၁) မှ ရဲမှူးကြီး Suphakorn Tangkprasert ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များနှင့် လူဝင်မှုကြီးကြပ်ရေးအရာရှိများက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
◾ ဖြစ်စဉ်အကျဉ်း
ဇန်နဝါရီလ ၁၉ ရက် ညပိုင်းက အဝေးပြေးရဲတပ်ဖွဲ့ခွဲ (၁) မှ ရဲမှူးကြီး Suphakorn Tangkprasert ဦးဆောင်သော အဖွဲ့သည် အန်ထောင်ခရိုင်၊ ချိုင်ယိုမြို့နယ်အတွင်းရှိ အာရှအဝေးပြေးလမ်းမကြီး (ကီလိုမီတာ ၅၈+၁၀၀ အနီး) တွင် နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုများ ကာကွယ်ရန် ကင်းလှည့်စစ်ဆေးနေစဉ် မသင်္ကာဖွယ် ပစ်ကပ်ကား ၂ စီးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကား ၂ စီးမှာ အရှိန်ပြင်းစွာ မောင်းနှင်နေပြီး မှန်အမည်းများ တပ်ဆင်ထားသည့်အပြင် ကားနောက်ခန်းကိုလည်း မိုးကာစများဖြင့် လုံခြုံစွာ ဖုံးအုပ်ထားသဖြင့် ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
◾ ဖမ်းဆီးရမိသူများ
စစ်ဆေးချက်အရ ပထမကားဖြစ်သည့် ဘန်ကောက်လိုင်စင် Toyota Revo ပေါ်တွင် မောင်းနှင်သူ အသက် ၂၁ နှစ်အရွယ် Ms. Khamla Lungsoi နှင့် အသက် ၂၉ နှစ်အရွယ် Mr. Archan တို့ကို တွေ့ရှိရပြီး ၎င်းတို့နှင့်အတူ မြန်မာလုပ်သား ၁၁ ဦး လိုက်ပါလာသည်။
ဒုတိယကားဖြစ်သည့် ချင်းမိုင်လိုင်စင် Toyota Revo ပေါ်တွင်မူ အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသား ခိုင်ခန့် (Chai Kham) က မောင်းနှင်လာပြီး ၎င်းနှင့်အတူ မြန်မာလုပ်သား ၁၁ ဦး လိုက်ပါလာသည်။
ကားနှစ်စီးဖြင့်လိုက်ပါလာသူ မြန်မာနိုင်ငံသား ၂၂ ဦးစလုံးတွင် တရားဝင် အထောက်အထား တစ်စုံတစ်ရာ မပါရှိကြောင်း သိရသည်။





◾ စစ်ဆေးပေါ်ပေါက်ချက်
ဖမ်းဆီးခံရသူ ၃ ဦးက ၎င်းတို့အား “Korling” အမည်ရှိ ပွဲစားက Line application မှတစ်ဆင့် ချင်းရိုင်ခရိုင်မှ ပထုံဌာနီခရိုင်၊ ခလောင်လောင်မြို့နယ်သို့ ပို့ဆောင်ရန် တစ်ဦးလျှင် ဘတ် ၃,၀၀၀ မှ ၃,၅၀၀ အထိပေး၍ ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ သယ်ယူမှုကို ၄ ကြိမ်ခန့် ပြုလုပ်ခဲ့ဖူးကြောင်း ဝန်ခံထားသည်။
မြန်မာအလုပ်သမားများကလည်း ၎င်းတို့သည် မြန်မာနိုင်ငံဘက်မှ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့သို့ လှေဖြင့် တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကာ အလုပ်ရရှိရန်အတွက် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၁၃,၀၀၀ ခန့် ပေးဆောင်ခဲ့ရကြောင်း စကားပြန်မှတစ်ဆင့် ထွက်ဆိုခဲ့ကြသည်။
◾ မြန်မာလုပ်သားတို့၏ လူသားဆန်သည့် ထူးခြားချက်
ဖမ်းဆီးခံရသူများကို ချိုင်ယိုရဲစခန်း၌ စစ်ဆေးမေးမြန်းကာ ကိုယ်ရေးမှတ်တမ်းယူနေစဉ်အတွင်း အဆိုပါရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ တပ်ကြပ်ကြီး Wichai Tamsamai ၏ မွေးနေ့ဖြစ်ကြောင်း သိရှိခဲ့ရသဖြင့် လုပ်ဖော်ကိုင်ဘက်များက မွေးနေ့ကိတ်ဖြင့် အံ့သြဖွယ် ပြင်ဆင်ပေးခဲ့သည်။
ထိုသို့ပြုလုပ်စဉ် ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သားများကလည်း မွေးနေ့ရှင်ရဲအရာရှိအတွက် လက်ခုပ်တီးကာ မွေးနေ့သီချင်း အတူတကွ သီဆိုပေးခဲ့ကြသဖြင့် တင်းမာနေသော စစ်ဆေးမှုကာလအတွင်း စိတ်အပန်းပြေစရာ အခိုက်အတန့် ဖြစ်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
လက်ရှိတွင်မူ ရဲတပ်ဖွဲ့က သယ်ယူပို့ဆောင်ပေးသူ ၃ ဦးကို တရားမဝင် ဝင်ရောက်လာသူများအား ဖုံးကွယ်ကူညီမှုဖြင့်လည်းကောင်း၊ မြန်မာလုပ်သား ၂၂ ဦးကို တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့်လည်းကောင်း အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ကိုးကား – SondhiTalk / Khaosod
