
နေမိုး
၁၉. ၁. ၂၀၂၆
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေးဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုးသယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ယခုလည်း ဘုန်းကြီးကျောင်းတွင်ရှိနေသော အောင်လံမြို့နယ်၊ ဟိုင်းကြီးဒိုးကျေးရွာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို PDF နှစ်ဦးက ပစ်သတ်လိုက်ကြပြန်သည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ဟိုင်းကြီးဒိုးကျေးရွာနေ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းဇော်ဦး(၄၅)နှစ်သည် အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ရှိနေစဉ် PDF နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဝင်းဇော်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် လက်နက်ကိုင်အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းတစ်ဦးအား ဆင်ခြင်တုံတရားကင်းမဲ့စွာ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အကြမ်းဖက်သမားများအား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
