
၁၉. ၁. ၂၀၂၆
Written by Nyein Kyaw
သူနာပြုသင်တန်းကျောင်းများကို သူနာပြုသိပ္ပံများအဖြစ် ပြောင်းလဲဖွင့်လှစ်သွားရန် ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ယမန်နေ့က ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)သို့ သွားရောက် ကြည့်ရှု့စစ်ဆေးစဉ် ပြောကြားသည်။
ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)သည် ကိုယ်ဝန်ဆောင်မိခင်များ၊ အမျိုးသမီးရောဂါများအတွက် မြန်မာနိုင်ငံတွင် အကြီးဆုံးကုသရေးဌာနဖြစ်ရာ ကျန်းမာရေးစောင့်ရှောက်မှုများ အရည်အသွေးကောင်းမွန်စေရေး၊ ဆေးရုံဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက်စေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
သင်ကြားရေးဆေးရုံကြီးလည်းဖြစ်သည့်အတွက် မျိုးဆက်သစ်သားဖွားမီးယပ် အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ ကုသမှုအရည်အသွေးကောင်းမွန်စေရေး လေ့ကျင့်မွေးထုတ်မှုသာမက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နှင့်တိုက်နယ်ဆေးရုံများ၌ မိခင်ကလေးကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကုသမှုအရည်အသွေး ပိုမိုကောင်းမွန်စေရေးအတွက်လည်း လိုအပ်သည်များ အကြံပြုသင်ကြား ဆောင်ရွက်ပေးကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ သူနာပြုသင်တန်းကျောင်းများကို သူနာပြုသိပ္ပံများအဖြစ် ပြောင်းလဲဖွင့်နိုင်ရေးနှင့် သူနာပြုများ၏ ရာထူးတိုးမြှင့်ရေးကိစ္စများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သားသမီးမရသည့် ဇနီးမောင်နှံများအတွက် သားသမီးရရှိစေရေး ခေတ်မီနည်းပညာများ အသုံးပြုကာစစ်ဆေးဆောင်ရွက်ပေးနေသည့် Fertility Centre ကိုလည်း ယခုထက် ပိုမိုတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ပြီး လိုအပ်ချက်များကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
