

၁၉. ၁. ၂၀၂၆
Written by Thiri
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာနဲ့ ညောင်လွင့်ကျေးရွာကြား၊ အုတ်ဖိုကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းပေါ်မှာ တွဲကားတစ်စီးနဲ့ ဆီဘောက်ဆာယာဉ်တစ်စီးကို အကြမ်းဖက် လက်နက်ကိုင်တချို့ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မီးရှို့ဖျက်စီးမှုဖြစ်စဉ် ဒီနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ မနက် ၃ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တချို့ထံကနေ သိရပါတယ်။
အဆိုပါဖြစ်စဉ်က ရန်ကုန်- မန္တလေးကားလမ်း မိုင်တိုင်အမှတ်(၁၃၄/၇)နဲ (၁၃၅/၀) အကြားမှာ ဒီနေ့ မနက် ၂ နာရီ ၅၀ မိနစ် အချိန်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြစ်စဉ်အတွင်း လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
“ကျွဲပွဲနဲ့ ညောင်ခြေထောက်ကြား အုတ်ဖိုကုန်းရွာအနီး မှာ ရှို့သွားတာလို့ ကြားတယ်။ ကားသမားတွေကိုဆင်းခိုင်းပြီး ရှော့တိုက်ဒုံးနဲ့ ပစ်သွားတာတဲ့။ လမ်းကြောင်းပိတ်ချင်တာပေါ့ အဓိက က။ ဆီဘောက်ဆာတစ်စီး၊ တွဲကားတစ်စီး။ ယာဉ်ပိုင်ရှင်တွေအတွက်တော့ စိတ်မကောင်းစရာပဲ။ ဆုံးရှုံးတာပေါ့” လို့ ဖြစ်စဉ်ကို မျက်မြင်ကြုံတွေ့ သိရှိတဲ့ဒေသခံတစ်ဦးက MT News ကို ဆက်သွယ် အသိပေး ပြောပြပါတယ်။
မီးလောင်မှုကြောင့် ဆီဘောက်ဆာယာဉ်နဲ့ ၂၂ ဘီးတွဲကားတစ်စီး စုစုပေါင်း(၂) စီး မီးလောင်ပျက်စီးခဲ့ပြီး ဖြူးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ယာဉ်(၂)စီးနဲ့ အချိန် တစ်နာရီကျော်ကြာအောင် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ မိနစ် ၃၀ အချိန်မှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။
